စစ်ကိုင်းတိုင်းမှာဒီဇင်ဘာလတစ်ပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်(၅၀)နီးပါးဖြစ်ပွားခဲ့

ဒီဇင်ဘာလ ၁၉ ရက်၊စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒီဇင်ဘာလ ဒုတိယပတ်တစ်ပတ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု (၄၉) ကြိမ်အထိ ရှိခဲ့တယ်လို့   ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။

တစ်ပတ်အတွင်းမှာ သေဆုံးသူ(၁၃)ဦးထက်မနည်း ရှိနေကြောင်း ဆိုထားပြီး လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံး မြို့နယ်တွေကတော့  ဗန်းမောက်၊ ဒီပဲယင်း၊ ဘုတလင်၊ ဝက်လက်၊ ခင်ဦး စတဲ့ မြို့နယ်တွေဖြစ်ပြီး ဒီဒေသက ကျေးရွာများနဲ့ လူနေအိမ်များကိုများစွာ ထိခိုက်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

လောလောလတ်လတ် လေကြောင်းတိုက်ခိုက်ခံရမှုဟာ  မနေ့က ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတမှာ စစ်ကိုင်းတိုင်းဒေသကြီး  ခင်ဦးမြို့ မြေနီသျှိုလမ်းဆုံအနီးကို ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီး တို့နဲ့ လေကြောင်းပစ်ခတ် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီမီးလောင်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့  ဆိုထားပါတယ်။

ဒီလမ်းပိုင်းက ရွှေဘို–မြစ်ကြီးနားလမ်းပိုင်းဖြစ်ပြီး   လမ်းပိုင်းကိုပိတ်ပင်ထားတာ နှစ်ပတ်နီးပါးကြာမြင့်နေပြီဖြစ်တာကြောင့် ခရီးသွားယာဉ်ထိခိုက်ခဲ့မှုတွေတော့မရှိဘူးလို့  ယာဉ်လိုင်းပြေးဆွဲနေသူများထံမှ သိရပါတယ်။ 

ဒါ့အပြင် ဒီဇင်ဘာ ၁၇ ရက်နေ့တွင်လည်း ခင်ဦးမြို့နယ် အရှေ့တောင်ဘက်ရှိ ဧရာဝတီမြစ်ကူး ဆိပ်ကမ်း ၂ ခုကို ဂျက်ဖိုက်တာ ၅ စီးနဲ့ အကြိမ်ရေ ၃၀ ကျော် လေကြောင်းပစ်ခတ်ခဲ့သေးကြောင်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် အနီးနေထိုင်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး  လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *