စစ်ကိုင်းတိုင်းမှာ  ၂၀၂၅ ခုနှစ်အတွင်း ပမာဏအများဆုံး  ကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ 

ဒီဇင်ဘာ ၁၇ ၊ စစ်ကိုင်း 

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၂၅ ခုနှစ်အတွင်း ပမာဏအများဆုံးဖြစ်တဲ့ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ငါးသန်းကျော်ကို ဒီဇင်ဘာလဆန်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်အထူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒီဇင်ဘာလ ၆ ရက်နေ့က ငွေကျပ် ၁၅  ဘီလီယံ ကျော် တန်ဖိုးရှိတဲ့  ဘိန်းဖြူ ၅၇ ကီလိုကျော်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား  ငါးသန်းကျော်ဖမ်းဆီးရခဲ့တယ်လို့ဆိုပါတယ်။

စစ်ကိုင်းမြို့၊ ရွာထောင်မီးရထားရပ်ကွက်၊ ဈေးလမ်းထဲက နေအိမ်ဝင်းတစ်ခုထဲမှာ တွေ့ရှိခဲ့ပြီး အဲ့ဒီထဲက ရပ်တန့်ထားတဲ့ ကားတွေပေါ်မှာ မူးယစ်ဆေးဝါး သန်းနဲ့ချီကို ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။ 

ဖမ်းဆီးမှုအတွင်း ကိုစိုးလွင်နှင့် မခင်ဆွေမြင့်တို့ထံမှ ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုကို သိမ်းဆည်းရမိခဲ့ပြီး HYUNDAI  PORTER II ယာဉ်ဖြင့် သယ်ဆောင်လာသူ မိုးမင်းစံနှင့် မျိုးသူရတို့ထံမှ ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းကို ဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် TOWNACE LIGHT TRUCK ယာဉ်နဲ့အတူ ချစ်ကိုကိုနိုင်၊ ကိုခင်မောင်ဇော်တို့ထံကနေ  ဘိန်းဖြူ ၁၃ .၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇ .၀၅ သိန်းကို ဆက်လက် ဖမ်းဆီးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာလည်း မန္တလေးတိုင်း မှ စစ်ကိုင်းတိုင်းကို သယ်မယ့် ကာလတန်ဖိုး ငွေကျပ် (၁၉ ဒသမ ၁၂၅) ဘီလီယံ ရှိတဲ့  စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်း နဲ့  ဘိန်းဖြူ (၄၄) ကီလို ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက မူးယစ်ဆေးဝါးတွေကို စစ်ကိုင်းမြို့ နဲ့ ကလေးမြို့တို့မှာ အများဆုံး ဖမ်းဆီးရမိပြီး အိန္ဒိယနိုင်ငံကို လမ်းကြောင်းနှစ်ခုနဲ့ အဓိကတင်ပို့ဖို့ဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

ကလေးမြို့မှ မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် မိုရေးလ်မြို့ ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်တွေဆီကို မူးယစ်ဆေးဝါးများ ရောင်းချကြတာပါ။ 

၂၀၂၁-၂၀၂၂ခုနှစ် ကာလတွေမှာ  ဖမ်းဆီးရမိမှုတွေဟာ အသေးစားနဲ့ အလတ်စား ပမာဏများသာ များပြားခဲ့ပေမယ့် ၂၀၂၄-၂၀၂၅ခုနှစ် မှာတော့ စိတ်ကြွဆေးပြား သန်းနှင့်ချီ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ 

ယခင်က ရှမ်းပြည်နယ်မှ ထွက်ရှိသော မူးယစ်ဆေးဝါးများကို သယ်ဆောင်ရာ လမ်းကြောင်း (Transit Hub) အဖြစ်သာ ရှိခဲ့ပေမယ့်  ၂၀၂၅ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာအရ စစ်ကိုင်းတိုင်းမှာ  ဘိန်းစိုက်ပျိုးမြေ  ၅၅၂ ဟက်တာ ရှိကြောင်း ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့တာလို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *