

စက်တင်ဘာ ၁၅ ၊ ရန်ကုန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့မြို့နယ် ၅၆ မြို့နယ်ရှိတယ်လို့စက်တင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် မဲဆန္ဒနယ်မြေတွေထဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် အတွက် မဲဆန္ဒနယ်မြေ (၉) နယ် နဲ့ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေ ၅၆ နယ်တွေမှာ ကျင်းပနိုင်မှာမဟုတ်ကြောင်းဆိုပါတယ်။
မကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ထဲက ကချင်ပြည်နယ်က (၄) မြို့နယ် ၊ ကယားပြည်နယ်က (၃)မြို့နယ်၊ ချင်းပြည်နယ်က (၄) မြို့နယ်၊ စစ်ကိုင်းတိုင်းက (၁၀) မြို့နယ်၊ မန္တလေးတိုင်းက (၃) မြို့နယ် ၊ မကွေးတိုင်းက (၅)မြို့နယ် ပါဝင်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းက NUG ၊ PDF နဲ့ KIA ပူးပေါင်းတပ်တို့ သိမ်းထားတဲ့ အင်းတော်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်တွေမှာ မဲဆန္ဒနယ်မြေတစ်ခုမှ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
NUG နဲ့ ပူးပေါင်းတပ်တွေက ပင်လည်ဘူးမြို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၀ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ၊ အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး NUG က ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားတဲ့ ထီးချိုင့်၊ ခင်ဦး ၊ဒီပဲယင်း၊ ပုလဲ၊ ဝက်လက်၊ တန့်ဆည် ၊ မြောင် ၊ ယင်းမာပင် မြို့နယ်တွေမှာလည်း ကျင်းပနိုင်ခြင်းမရှိကြောင်း သိရပါတယ်။
ဒီဒေသအတွင်းမှာလည်း စစ်ဘေးတိမ်းရှောင်နေရသူ ၁.၂ သန်းကျော်ရှိနေပြီး စစ်ဘေးတိမ်းရှောင်နေရတဲ့အခြေအနေတွေကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းတယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
ကချင်ပြည်နယ်ထဲက ကချင်လွတ်မြောက်ရေးတပ် KIA သိမ်းပိုက်ထားတဲ့ ချီဖွေ၊ ဆော့လော် ၊ ဆွမ်ပရာဘွမ် နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ကြောင်းဆိုထားပါတယ်။
ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပမယ့်မြို့ ၁၇ မြို့ဖြစ်ပြီး တအာင်း(ပလောင်)တပ် ၊ ကိုးကန့်တပ် ၊ “ဝ” တပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေပဲဖြစ်ပါတယ်။
ရွေးကောက်ပွဲကို ယခင်က မြို့နယ် ၃၃၀ မှာ ကျင်းပမယ့်အကြောင်းကြေညာထားပေမယ့် လာမယ့်ဒီဇင်ဘာမှာ ကျန်ရှိနေတဲ့ မြို့နယ် ၂၇၄ မြို့နယ်ထဲက ၇၅ မြို့နယ်မှာ ပထမပိုင်းအဖြစ် စတင်ကျင်းပသွားမှာလို့သိရပါတယ်။