စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရကို အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်း

ဒီဇင်ဘာ ၂၄ ၊​စစ်ကိုင်း 

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်တွေကို  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၆၉) အရ  ဝန်ကြီးများအဖြစ် အဖွဲ့ဝင် (၁၂ ) ဦးအားအတည်ပြုတာဝန်ပေးအပ်လိုက်တယ်လို့ ကြေညာလာပါတယ်။ 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဖွဲ့ဝင်များအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် စတင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဦးစိုးဦးက ဒုတိယဥက္ကဌ ဝန်ကြီးချုပ်၊ ဝန်ကြီးများနဲ့ ရှေ့နေချုပ်တို့၏ အမည်စာ ရင်းများကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းအတည်ပြုခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ အတည်ပြုတာဝန်ပေးအပ်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာ ကာကွယ်ရေးဌာန ၊ ပြည်ထဲရေး ၊ စီမံကိန်းနဲ့ဘဏ္ဍာရေး ၊ ပညာရေး၊ ကျန်းမာရေး ၊ လူသားချင်းစာနာမှုနဲ့ ပြန်လည်ထူထောင်ရေး ၊ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေး ၊ သစ်တောနှင့်သံယံဇာတ ၊ တိုင်းရင်းသားလူမျိုးရေးရာ ဌာန ၊ စည်ပင်သာယာဝန်ကြီး ၊ ရှေ့နေချုပ်ရုံးတို့နဲ့ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။ 

ဒုဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်း ၊ ကာကွယ်ရေးဝန်ကြီး အဖြစ် ဦးကိုကိုအောင် ၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဦးမိုးမင်းဝင်း ၊ စီမံဘဏ္ဍာဝန်ကြီးအဖြစ် ဦးခန့်ဝေဖြိုး ၊ တိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီး ဦးဘွဲ့ဟုပ်ထန်းတို့ပါဝင်တာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်ရဲ့ ဝန်ကြီးချုပ်အဖြစ်  ဦးစိုးဦးကို  နိုဝင်ဘာလ လယ်မှာ ခန့်အပ်လိုက်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကထုတ်ပြန်အပြီး တစ်လကျော်အကြာမှာပဲ နောက်ထပ် ဝန်ကြီးတွေကို ဆက်တိုက်ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ပထမဦးဆုံးသော ဖက်ဒရယ်ယူနစ်အစိုးရယန္တရားတစ်ခု စနစ်တကျ စတင်ပေါ်ပေါက်လာခြင်းလည်း ဖြစ်တယ်လို့ NUG ရဲ့ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းအဲ့ချိန်က ပြောဆိုခဲ့ပါတယ်။ 

ကြားကာလအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ဖို့အတွက် စိစစ်ရွေးချယ်ရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရာမှာလည်း   စစ်ကိုင်းတိုင်းထဲက နာဂ၊ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ချင်း တိုင်းရင်းသားတို့ရဲ့ သဘောထားဆန္ဒတွေကိုလည်း ရယူစုစည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒီဖက်ဒရယ်ယူနစ်လွတ်တော်မှာ အဖွဲ့ဝင် ၂၉ ဦးပါဝင်ပြီး ရှမ်းတိုင်းရင်းသားနဲ့ ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ၂ ဦးပါဝင်တယ်လို့သိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးဟာ PDF တပ်ဖွဲ့တွေက ဗန်းမောက် ၊ အင်းတော်မြို့ ၊ ခမ်းပတ်မြို့ ၊ မော်လူးမြို့၊ ပင်လည်ဘူးမြို့တို့ကို ထိန်းချုပ်စိုးမိုးထားတာဖြစ်ပြီး တခြားသောမြို့နယ်က ကျေးလက်ဒေသတွေကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *