စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် လုံးခင်းကျေးရွာဒေသခံ(၅)ဦးသေဆုံးခဲ့

မေ ၃၀ ၊ ဖားကန့် 

  ကချင်ပြည်နယ်၊ဖားကန့်မြို့ကို ရောက်ရှိနေပြီဖြစ်တဲ့ စစ်ကောင်စီနဲ့ပြည်သူ့စစ်တို့ရဲ့ ပူးပေါင်းစစ်ကြောင်းကြောင့်  လုံးခင်းကျေးရွာရှိ ကျေးရွာသူ/သား(၅)ဦးသေဆုံးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 “ စစ်ကြောင်းကြောင့်သေတာ တစ်ချို့လည်းလက်နက်ကြီးမှန်လို့သေတာ အကုန်လုံးခင်းရွာထဲကပဲ တစ်ဦးကစိတ်မနှံ့ဘူး မိသားစုကအပြင်မထွက်ဖို့ပြောထားတာကို စိတ်မနှံ့တော့အပြင်ထွက်တာ စစ်ကြောင်းက မသင်္ကာလို့ပစ်သတ်ခံရတာပါ ကျန်တာတွေကတော့ သွားသွားလာလာနဲ့ပစ်သတ်ခံရတဲ့သဘောတွေပါ” လို့ လုံးခင်းကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

 အင်အားရာချီတဲ့ ပူးပေါင်းစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ(၂၇)ရက်နေ့က လုံးခင်းကျေးရွာကို ရောက်ရှိခဲ့တာဖြစ်ပြီး (၂၈)ရက်နေ့မှာ အသင့်စောင့်ဆိုင်းနေတဲ့ KIA+ PDF ပူးပေါင်းတပ်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုအပြင် လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး(၁)ဦး၊အမျိုးသား(၄)ဦး သေဆုံးခဲ့သလို အမျိုးသား(၁)ဦးလည်း သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံအချို့စစ်ဘေးတိမ်းရှောင်နေထိုင်နေတဲ့   လုံးခင်းကျေးရွာအနီးရှိ မှော်စီစာတောင်ပေါ်ကျောင်းတွင်လည်း ပြည်သူ့စစ်အချို့ဝင်ရောက်နေရာယူလာတာကြောင့် စစ်ဘေးရှောင်နေသူများ ထပ်မံထွက်ခွာတိမ်းရှောင်နေကြရကြောင်း ဆိုပါတယ်။ 

 ” စစ်ရှောင်ထားတဲ့ရွာတွေက ပြန်ဝင်ဖို့နေနေသာသာ ဒီနေ့ လုံးခင်း၊လယ်ပြင်၊မှော်စီစာ ပြီးရင် မှော်တွေအကုန်လုံးက  စစ်ကြောင်းဟေ့ဆိုတဲ့အသံနဲ့တင် ရုတ်ရုတ်သဲသဲဖြစ်ကုန်တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီဟာလည်း ဧပြီလတတိယအပတ်ကစလို့ မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်တွေဘက် ထွက်ပြေးတိမ်းရှောင်မှုတွေရှိခဲ့ပြီး ယနေ့ထက်ထိ ပြန်နေထိုင်ခြင်းမရှိကြသေးဘူးလို့ သူကဆိုပါတယ်။ 

စစ်ကောင်စီ စစ်ကြောင်းဟာ ဖားကန့်မြို့ကို စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာ ၊ ကပ်ဇွပ်မှော် ၊  ဆိိုင်းဖရာ ၊ တံတားညီနောင်၊ ပျားအုံ  ၊ နမ့်တိန်းကျေးရွာတွေမှာ တစ်လကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *