




ဒီဇင်ဘာလ ၂၂ ရက်၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာကျင်းပတဲ့ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို စစ်ဘေးရှောင်သူများအတွက် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေရှာဖွေပွဲအဖြစ် နှစ်ရက်ထပ်တိုး ဆက်လက်ကျင်းပခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရပါတယ်။
“ပွဲတော်ကို ဒီဇင်ဘာ( ၁၆) ရက်ကနေ (၁၈) ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်မှာတော့ ဒေသအတွင်း စစ်ဘေးရှောင်များအတွက် ရန်ပုံငွေပွဲတော်အဖြစ် နှစ်ရက်ဆက်လက် ကျင်းပခဲ့တာပါ။ ရရှိလာတဲ့ ရန်ပုံငွေတွေကို ပွဲတော်ကျင်းပရေး နာယကဆရာတော်များနဲ့ ဦးစီးကော်မတီများက ဦးဆောင်ပြီး ဒေသအတွင်း စစ်ဘေးရှောင်များထံ တိုက်ရိုက်လှူဒါန်းသွားမယ်’ ဟု ပွဲတော်ကျင်းပရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
ပွဲရက်ထပ်တိုးကျင်းပခဲ့တဲ့ နှစ်ရက်အတွင်း ရရှိသော ရန်ပုံငွေများကို ဗန်းမောက်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများအား ကူညီလှူဒါန်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါမြို့နယ်များရှိ စစ်ဘေးရှောင်အရေအတွက်ကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ မေးမြန်းပြီး ငွေကြေးအထောက်အပံ့နှင့် အခြေခံစားသောက်ကုန်များကို ကူညီပေးသွားမယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးပွဲတော် နှစ်ရက်အတွင်း ရန်ပုံငွေစုစုပေါင်း ကျပ်ငွေ သိန်းပေါင်း(၃)ထောင်ကျော် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
တိုင်းလျှန်(သျှမ်းနီ) ရိုးရာ ကောက်ဦးဆွမ်းကပ်လှူပူဖော်ပွဲနှင့် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲကို ဒီဇင်ဘာ (၁၆) ရက်မှ (၁၈ )ရက်အထိ ကျင်းပခဲ့ပြီး၊ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး ရန်ပုံငွေပွဲတော်ကို ဒီဇင်ဘာ (၁၉) ရက်မှ (၂၀) ရက်အထိ စုစုပေါင်း (၅)ရက်ကြာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် သောင်းနှင့်ချီရှိနေပြီး SNA နဲ့ KIA+PDF တို့ရဲ့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတာကြောင့် ဒေသခံများ နေရပ်စွန့်ခွာနေရဆဲဖြစ်ပါတယ်။
ဒါအပြင် ဒီဒေသတွေမှာ ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ထားခံရခြင်းများကြုံနေရသလို ကုန်ဈေးနှုန်း မြင့်တက်လာခြင်းများ ဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။
