
ဒီဇင်ဘာ ၁၉ ၊ မန္တလေး
MDY PDF တပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးထားတဲ့ စဉ့်ကူးမြို့ထဲကို စစ်တပ်စစ်ကြောင်းတွေက ဒီဇင်ဘာလ ၁၈ ရက်နေ့ကစလို့ ဝင်ရောက်ပြီး ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
စစ်တပ်ရဲ့ သတင်းတွေကိုထုတ်ပြန်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းတွေက စဉ့်ကူးမြို့အနီးရှိ လက်ပံလှကျေးရွာက တပ်စခန်းတွေအပါအဝင် အုပ်ချုပ်ရေးဌာနတွေရှေ့မှာ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေကို မျှဝေထားကြပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပြီးတဲ့နောက် မြို့အတွင်းကို ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာ ဒီဇင်ဘာလဆန်းပိုင်းမှာ စဉ့်ကူးမြို့နယ်အတွင်းသို့ စစ်ကြောင်းတစ်ကြောင်း ၊ သပိတ်ကျင်းလမ်းမှ စစ်ကြောင်းတစ်ကြောင်းဖြင့် ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။
စဉ့်ကူးမြို့သိမ်းပိုက်ဖို့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က MDY PDF တွေအပြင် TNLA တပ်ဖွဲ့လည်းပါဝင်ခဲ့တာပါ။
မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်က မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုအကြိမ်ကြိမ်ရှိခဲ့ပေမယ့် တစ်နှစ်ကျော်အကြာမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်တပ်က မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်ရှိ သိမ်းပိုက်ခံထားရတဲ့မြို့တွေကိုပြန်လည်ရရှိဖို့အတွက် ၂၀၂၅ ခုနှစ် နှစ်လယ်ကစပြီး ကြိုးပမ်းမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။
မိုးကုတ်မြို့ကို TNLA မှ စစ်တပ်ကို ပြန်လည်လွှဲပြောင်းပေးပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်က မိုးကုတ်-မန္တလေး လမ်းပိုင်းတစ်ခုလုံးပြန်လည်စိုးမိုးနိုင်ရေးအတွက် ကြိုးပမ်းမှုတွေကို ဆက်တိုက်ပြုလုပ်လာနေတာကို တွေ့ရပါတယ်။
စဉ့်ကူးမြို့ဟာ NUG ရဲ့ ၂၀၂၅ ခုနှစ်အတွင်း အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်နေတဲ့ဒေသတစ်ခုဖြစ်သလို ရွှေလုပ်ငန်းအဓိကလုပ်ကိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။
