ဆာလောင်မွတ်သိပ်မှုနဲ့ စားနပ်ရိက္ခဖူလုံမှုမရှိခြင်းစာရင်း ထိပ်ဆုံးနိုင်ငံများတွင် မြန်မာပါဝင်နေ

အောက်တိုဘာ ၁၇၊ နေပြည်တော်

မြန်မာနိုင်ငံမှာ လူဦးရေ ၁၆.၇ သန်းခန့်ဟာ စားနပ်ရိက္ခာဆာလောင်မွတ်သိပ်မှုများနဲ့ရှင်သန်နေရပြီး  ဆာလောင်မွတ်သိပ်မှု နဲ့ စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း အမြင့်မားဆုံး နိုင်ငံများထဲမှာ နံပါတ် ၅ နေရာမှာရှိနေပါတယ်လို့ ဗြိတိန်သံရုံးက ဆိုပါတယ်။ 

ပဋိပက္ခတွေ၊  ရာသီဥတုဖောက်ပြန်မှုတွေနဲ့   လူသားချင်းစာနာမှုအကျပ်အတည်းတွေကြောင့် စားနပ်ရိက္ခာမဖူလုံမှု အမြင့်ဆုံးစာရင်းပါဝင်တာလို့ ထုတ်ပြန်ပါတယ်။ 

မြန်မာနည်းတူ ကမ္ဘာတစ်ဝန်းတွင်လည်း ပဋိပက္ခများ၊ ရာသီဥတုဆိုးရွားပြင်းထန် ဖောက်ပြန်ခြင်း နှင့် ရာသီဥတု မတည်ငြိမ်မှုတွေ မညီမျှမှုတွေကြောင့် အဆိုပါအကျပ်အတည်းဖြစ်လာရတယ်လို့ မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။ 

အစားအစာကိုဖူလုံစွာထုတ်လုပ်နိုင်စွမ်းရှိသည့် ကမ္ဘာကြီးမှာ စက္ကန့်အနည်းငယ် တိုင်း၌လူတစ်ဦးသည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့်သေဆုံးနေရပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ငတ်မွတ်မှုဒဏ်ခံစားနေရသူဦးရေ သိသိသာသာတိုးတက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ  စီးပွားရေးကျဆင်းတာနဲ့အတူ လူဦးရေရဲ့သုံးပုံတစ်ပုံမှာ ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပြောဆိုထားပါတယ်။ 

စစ်ကော်မရှင်ကတော့ စားနပ်ရိက္ခာဖူလုံရေးအတွက် ဥ၊ အသား ၊ ငါး လုံလောက်စွာရရှိရေးအတွက် မွေးမြူရေးကို  ရံပုံငွေ  ကျပ် ၃၂  ဘီလီယံနဲ့ အဆင့်လိုက်တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

အခုနှစ်စိုက်ပျိုးရာသီမှာလည်း  စိုက်ပျိုးမြေဟက်တာ ၁၂ သန်းကျော်အတွက် ကျပ်ဘီလီယံ ၂၈၆.၁ ဘီလီယံနဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး ၊ တောင်သူဝင်ငွေတိုးရေးအတွက် နိုင်ငံစီးပွားမြင့်တင်ရေးရံပုံငွေထဲကနေ သုံးနေတယ်လို့သိရပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာလည်း စစ်ဘေးရှောင်လူဦးရေ ၄ သန်းနီးပါးရှိနေပြီး သူတို့တွေရဲ့ စားဝတ်နေရေးအကြပ်အတည်းတွေနဲ့ လူသားချင်းစာနာမှုအကူညီအကြပ်အတည်းတွေ ဆက်တိုက်ရင်ဆိုင်နေရပေမယ့် ကူညီရေးရံပုံငွေတွေက ဖြတ်တောက်ခံထားရဆဲဖြစ်တယ်လို့ UNOCHA Myanmar က အမြဲထုတ်ပြန်ထားပါတယ်။ 

၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များတွေနဲ့  တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် UNOCHA က ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ စက်တင်ဘာလကုန်မှာထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *