
စစ်ကိုင်းတိုင်း၏ ပြာလွင်သည့်ကောင်းကင်ယံအောက် ဒေသခံပြည်သူတို့သည် ဖျားနာမှုဝေဒနာများကို ရင်ဝယ်ပိုက်လျက် ပျက်ယွင်းနေသော ကျန်းမာရေးစနစ်၏ ဒဏ်ရာဒဏ်ချက်များကို ခါးစည်းခံနေကြရသည်။ လွန်ခဲ့သည့် မိုးဦးကာလမှ မိုးနှောင်းပိုင်းအထိ ဆေးရုံတက်ခဲ့ရသူ ‘ဆေစိုး’ အတွက်ငှက်ဖျားဟာ အိမ်မက်ဆိုးကဲ့သို့ဖြစ်သည်။ တစ်နှစ်အတွင်း ငှက်ဖျားကြောင့် ဆေးရုံကို သုံးကြိမ်ထက်မနည်းဆေးရုံတက်ခဲ့ရသူပီပီ စစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးစနစ်တွေ ချို့ယွင်းမှု၏ သက်ရောက်မှုကို ခံစားနေရခြင်းဖြစ်သည်။ ဆေးပေးခန်းများ ၊ တိုက်နယ်ဆေးများသည် ယနေ့တွင် ဆရာဝန်၊ ဆရာမ ကင်းမဲ့လျက် တိတ်ဆိတ်ခြောက်ကပ်နေကြပြီး မြို့နယ်ဆေးရုံတွင်လည်း ဆရာဝန်အနည်းငယ်ဖြင့်သာ လည်ပတ်ကုသနေရသည်။ ဒေသခံတို့မှာ အသက်ဆက်ရန်အတွက် ကျွမ်းကျင်မှုမရှိသော “ရမ်းကု” ဆရာများကို အားကိုးပြီး မိရိုးဖလာ တိုင်းရင်းဆေးကုထုံးများနှင့်သာ ကုသနေကြရသည်။ ၂၀၂၅ ခုနှစ်ရဲ့ မိုးရာသီမှာ စစ်ကိုင်းတိုင်းသားများအတွက် အကြီးမားဆုံး ရန်သူဟာ ကျည်ဆန်တင်မကဘဲ ခြင်တစ်ကောင်ရဲ့ အကိုက်ခံရမှုကနေ စတဲ့ ငှက်ဖျားရောဂါပါ ပါဝင်လာသည်။ ဆေးတစ်လုံးကို ရွှေထက်ရှားတဲ့ ဈေးနဲ့ ဝယ်နေရသလို၊ ဆေးရှိရင်တောင် လမ်းမှာ စစ်ဆေးရေးဂိတ်တွေက သိမ်းဆည်းသွားမှာကို စိုးရိမ်နေရတဲ့ ‘ဆေးကုန် လူကုန်’ ဘဝတွေကို ဒီဒေသမှာ နေ့စဉ် မြင်တွေ့နေရပါသည်။
“ ရမ်းကုတွေနဲ့ ကုသနေရတာပါ့ ရွာတွေမှာတော့ မိရိုးဖလာကုသနည်းတွေနဲ့ တိုင်းရင်းဆေးတွေနဲ့ ကုသတာပါ့။ ဆေးလည်း ဆေးဆိုင်တိုင်းဝယ်လို့မရဘူး ဆေးတွေပျက်နေတာ တချို့ဆေးတွေဆိုရင် နမ့်တော၊ ဟုမ္မလင်း ဘက်သွားဝယ်ကြရတယ်။ ဒါတောင်လိုအပ်တဲ့ ဆေးတွေမရခဲ့ကြဘူး” လို့ သူကဆိုသည်။
၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းသည် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်မိုးတွင်းကာလတွင် ဟုမ္မလင်းမြို့နယ်မှာ နှစ်ပတ်အတွင်း ငှက်ဖျားကူးစက်ရောဂါဖြစ်ပွားသူ ၁၀၀ နီးပါးရှိခဲ့သည်။ ဟုမ္မလင်းမြို့နယ်တွင် ငှက်ဖျားရောဂါမဖြစ်ပွားသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယခုဖြစ်ပွားမှုရုတ်တရက် မြင့်တက်လာခဲ့သော်လည်း ကျွမ်းကျင်ဆရာဝန်မရှိဘဲ ကျန်းမာရေးလုပ်သားများ ၊ စေတနာ့ဝန်ထမ်းများဖြင့်သာကုသပေးခဲ့ကြရသည်။ ငှက်ဖျားကြောင့် သေဆုံးသူ အနည်းဆုံး (၁၀) ဦးဝန်းကျင်အထိရှိခဲ့ကြောင်း ကျန်းမာရေးလုပ်သားတွေက ရှမ်းနီအသံကိုဆိုသည်။ ငှက်ဖျားများသည် ဟုမ္မလင်းမြို့နယ် မြောက်ပိုင်းဒေသတစ်ခုလုံးကို ပျံ့နှံ့ခဲ့သလို ကပ်လျှက်ရှိနေသည့် ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ မံစီဒေသစိတ်တစ်ခုလုံးကိုပါ ပျံ့နှံ့ခဲ့သည်။ ကူးစက်တဲ့ ငှက်ဖျားပိုးအမျိုးအစားကလည်း ပြင်းထန်တဲ့ပိုးအမျိုးအစားများဖြစ်ခဲ့သည်။ ငှက်ဖျားရောဂါကူးစက်မှု ပိုမိုးများပြားလာသည်နှင့်အမျှ ငှက်ဖျားရောဂါကုသဆေးဝါးတွေလည်း ဝယ်ယူရရှိမှုနှင့် သယ်ယူပို့ဆောင်မှုအပိုင်းမှာ အခက်အခဲတွေရှိနေတာအပြင် ဒေသတွင်းမှာလည်း ငှက်ဖျားရောဂါကုသဆေးဝါး (Anti malaria drugs) တွေ ပြတ်လပ်မှု ကြီးကြီးမားမားကြုံခဲ့ရသည်။
လက်ရှိကာလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အဘက်ဘက်မှ ယိုယွင်းပျက်စီးနေပြီး ဒေသခံပြည်သူများသည် ဆေးဝါးပြတ်လပ်မှု၊ စျေးနှုန်းကြီးမြင့်မှုများ နှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း ရှားပါးမှုဒဏ်ကို အပြင်းအထန် ခံစားနေကြရသည်။ NUG ထိန်းချုပ်ထားတဲ့ ဒေသကဖြစ်စေ၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ ဒေသကဖြစ်စေ ငွေကြေးတတ်နိုင်သူ အနည်းငယ်သာလျှင် မန္တလေး၊ရန်ကုန် စသည့်မြို့ကြီးများသို့ သွားရောက်ကုသနေကြသည်။ အများစုသော ဒေသခံပြည်သူများအတွက်တော့ ဘိန်းတောဆေး ၊ ဆေးမြှီးတို တို့ဖြင့်သာ ကုသနေကြရသည်။ ဆေးဝါးမလုံလောက်ခြင်းအပြင် ရှေးဦးသူနာပြုစုမှု အားနည်းခြင်းတို့ကြောင့် အသက်မဆုံးရှုံးသင့်ပဲ အသက်ဆုံးရှုံးရမှုများ ရှိနေသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းမှာလည်း မင်းကုန်းကျေးရွာသားတစ်ဦး မိုင်းထိပြီး ခြေထောက်ပြတ်သွားခဲ့ရာ သွေးတိတ်ဆေးမရှိခြင်းနှင့် ရှေးဦးသူနာပြုစုသူများ မကျွမ်းကျင်ခြင်းတို့ကြောင့် ဟုမ္မလင်းဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ပင် သွေးလွန်ပြီး သေဆုံးခဲ့ရသည်။စစ်ကိုင်းတိုင်းအတွက် ဆေးဝါးသယ်ယူမှုများသည်လည်း စစ်တပ်က ကန့်သတ်မှုများကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေသည်။ ဆေးဝါးဝယ်ယူရရှိနိုင်မှုမှာ အလွန်ခက်ခဲလာပြီး ဆေးဆိုင်တိုင်းတွင် ဆေးဝယ်၍ မရနိုင်တော့ပေ။ စစ်တပ်ထိန်းချုပ်တဲ့မြို့ပေါ်ရပ်ကွက်တွေမှာလည်း ဆေးဝါးပြတ်လပ်မှုများစွာကြုံတွေ့နေရသည်။
ကူးစက်ရောဂါ ကုသရေး အကျပ်အတည်း
တီဘီနှင့် ငှက်ဖျားကဲ့သို့သော ရောဂါများအတွက် ကုသမှုအပိုင်းတွင်လည်း စိုးရိမ်ဖွယ်ရာများ ရှိနေသည်။ တီဘီရောဂါအတွက် ဆေးပြတ်လပ်မှုများရှိနေပြီး လူနာအချို့မှာ ဆေးမသောက်ရသည်မှာ တစ်ပတ်၊ နှစ်ပတ်ကျော်ကြာသည်အထိ ဖြစ်ပွားလျက်ရှိသည်။ ငှက်ဖျားကူးစက်မှုကုသရေးအတွက် ပြင်ပဆေးဆိုင်များတွင်သာမက ဆေးရုံများတွင်ပါ ငှက်ဖျားဆေး အလုံအလောက်မရှိပေ။ ဒေသခံများသည် စစ်ဘေးတစ်ဖက် ရောဂါဘေးတစ်ရပ်တို့ကို ရင်ဆိုင်အံတုနေရသည်။ သို့သော်လည်း ဆေးဝါးသယ်ယူပို့ဆောင်နိုင်ရေးအတွက် နည်းလမ်းများကို အာဏာပိုင်အရပ်ရပ်က ရှာဖွေနိုင်ခြင်းမရှိသေးပေ။
သယ်ယူပို့ဆောင်ရေး အတားအဆီးများ
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများအတွက် ဆေးဝါးသယ်ယူပို့ဆောင်ရေးတွင် ကုန်းလမ်းနှင့် ရေလမ်းများ ပိတ်ထားသဖြင့် လေကြောင်းလိုင်းကို အဓိက အားထားနေရသည်။ လမ်းပိုင်းများတွင်လည်း စစ်ကော်မရှင်ရဲ့ ဆေးရုံတွေအတွက်လည်ပတ်နေတဲ့ ဆေးဝါးများကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ပင်တားဆီးမှုများရှိနေသလို တော်လှန်ရေးတပ်ထိန်းချုပ်နယ်များအတွက် ဆေးဝါးများလည်း စစ်တပ်က ကန့်သတ်ပိတ်ပင်ထားကြသည်။ သို့သော်လည်း အထွေထွေအလီလီသော လက်နက်ကိုင်ဂိတ်ပေါင်းများစွာကို ငွေကြေးဖြင့် သယ်ယူနိုင်သည့် အခွင့်အရေးတစ်ရပ်တော့ ရှိကြောင်း ဆေးဝါးသယ်ယူနေသည့်ကုန်သည်များက ဆိုသည်။ ဆေးဝါးဝယ်ယူရေးအတွက် ဆေးရုံထောက်ခံချက် လက်မှတ်များ ၊ မြို့နယ်ဆရာဝန်၏ ထောက်ခံချက်များဖြင့် ဝယ်ယူနိုင်ကြပြီး သယ်ယူရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် နည်းလမ်းကိုသာ အသုံးပြုနေကြရသည်။ ဆေးဝါးလိုအပ်ချက်သည် မြန်မာတစ်နိုင်ငံလုံးတွင်ဖြစ်ပွားနေသော်လည်း စစ်ကိုင်းတိုင်းသည် ထိုထဲက အကြပ်တည်းဆုံးသော ဒေသတစ်ခုဖြစ်သည်ဟု တော်လှန်ရေးတပ်များ၏ ကျန်းမာရေးမှူးများက ပြောဆိုကြသည်။
ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များ၏ အနာဂတ်
ကာကွယ်ဆေး (EPI) မထိုးနှံနိုင်ခြင်းကြောင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်။ အထူးသဖြင့် ပိုလီယိုရောဂါကြောင့် ဉာဏ်ရည်မမှီခြင်းနှင့် ခြေလက်ပျော့ခြင်းများ ဖြစ်လာမည်ကို စိုးရိမ်ရပြီး၊ မွေးကင်းစကလေးများတွင် ပတ်ဝန်းကျင်ကြောင့် ပိုးဝင်ခြင်းများ ဖြစ်ပွားနိုင်သည် ။“ ကာကွယ်ဆေးမထိုးနိုင်တဲ့ကလေးတွေကတော့ စိုးရိမ်ရပါတယ်။ မိခင်ကြောင့်ဖြစ်စေ၊ နို့ရည်အာဟာရ မပြည့်တာတွေဖြစ်စေ ၊ပတ်ဝန်းကျင်အခြေကြောင့်ဖြစ်စေ အဲတာတွေက ဆက်စပ်နေတယ်။ တစ်ချို့ မွေးကင်းစ ကလေးတွေ ကာကွယ်ဆေးမထိုးလိုက်ရဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် ပိုးဝင်တာတွေဖြစ်မှာစိုးရိမ်ရတယ်။ အဓိကကတော့ ပိုလီယိုပေါ့ ဥာဏ်ရည်မပြည့်တာ ခြေလက်ပျော့တာတွေဖြစ်လာမှာစိုးရိမ်ရတာပေါ့” လို့ စေတနာ့ ကျန်းမာရေးလုပ်သားတစ်ဦးကဆိုသည်။ စစ်ကိုင်းတိုင်းမှာ မွေးကင်းစကလေးငယ်အများစုသည် ကာကွယ်ဆေးများကို အပြည့်အဝမထိုးနိုင်ကြပေ။ တိကျသည့်ကိန်းဂဏန်းများဖြင့် တိုင်းတာထားခြင်းမရှိသော်လည်း မြေပြင်တွင် ကာကွယ်ဆေးတစ်လက်ရရှိနိုင်ရေးအတွက် ခက်ခက်ခဲဲခဲရုန်းကန်နေကြရသည်။ ခြုံငုံသုံးသပ်ရပါက ဒေသအတွင်း၌ ကျန်းမာရေးဝန်ထမ်း လုံလောက်မှုမရှိခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် လုံခြုံမှုမှာ အလွန်စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေသည်။
ကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်း၌ နေ့စဉ် သေဆုံးသူဦးရေမည်မျှရှိကြောင်း အရေအတွက်တိတိပပ မသိရှိကြပါ။ သို့သော် မြို့နယ်တစ်ခု၏ သုသာန်တစ်ခုတွင်တော့ အရင်ကထက် မြေကျင်းအသစ်တို့ ပိုတိုးနေကြောင်း ဒေသခံများက သက်သေပြနေပါသည်။
