တမူးခရိုင်အတွင်းမှာ ( PDF) တပ်ဖွဲ့တွေရဲ့  လူသစ်စုဆောင်းမှုအပေါ်  မိဘတွေကဆန္ဒထုတ်ဖော် 

ဖေဖော်ဝါရီ (၁၈) ၊ တမူး

အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ (၂၀၂၅) ခုနှစ် နှောင်းပိုင်းကစလို့  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ လူသစ်စုဆောင်းမှုတွေကို အတင်းအကြပ်လုပ်ဆောင်လာခဲ့ပြီး ဒီနှစ်ဆန်းပိုင်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါ်က်လာခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ တမူးမြို့နယ် တောင်ပိုင်းဒေသရှိ  မင်းသမီးကျေးရွာ ၊ ဇီးဖြူကုန်းကျေးရွာ၊ ရွာသာကျေးရွာ ၊ ဘုက္ကန်ကျေးရွာ က ဒေသခံ အမျိုးသမီးတွေဟာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ 

သူတို့တွေရဲ့ အမျိုးသားတွေ နဲ့ သား တွေကို ညအချိန်မတော်  အိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာ ၊ လယ်ကွင်းတွေ အလုပ်ခွင်တွေထဲအထိ ဖမ်းဆီးပြီးတာနဲ့  စစ်သင်တန်းပို့ဆောင်တာ ၊ ပေါ်တာဆွဲခေါ်တာတွေကြောင့် ဆန္ဒထုတ်ဖော်ကြတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

အခုလို ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးသွားသူတွေကို (PDF) တပ်ဖွဲ့တွေက ပြန်လွှတ်ပေးမယ်လို့ဆိုပေမယ့်လည်း လက်ရှိတိုင် ပြန်လွှတ်ပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ 

တမူးမြို့နယ် မှာ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ကလည်း ဖမ်းဆီးသွားသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေရှိခဲ့ပါတယ်။ 

တမူးမြို့နယ်အတွင်းမှာ အခုလိုဖမ်းဆီးမှုတွေဟာ နှစ်လတာအတွင်း လူဦးရေ (၂၆၀) ကျော်ရှိတယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။ 

ပြီးခဲ့တဲ့ (၂၀၂၅) ခုနှစ်အတွင်းမှာလည်း တမူးမြို့နယ် ခမ်းပတ်မြို့အတွင်းမှာ မြို့နယ် ပကဖ ၊ ပလဖ တွေဟာ ညအချိန်ပေါ်တာဆွဲတာ​၊ ဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ခြိမ်းခြောက်ရိုက်နှက်တဲ့အထိ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက  (PDF) စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ စစ်သားစုဆောင်းမှုတွေကို ယခင်က လုပ်ဆောင်မှုမရှိခဲ့ပေမယ့် (၂၀၂၄) ခုနှစ်ကစလို့ ထိန်းချုပ်မှုအားကောင်းတဲ့မြို့နယ်တွေမှာ စတင်လုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *