
ဒီဇင်ဘာ ၂၄ ၊ မန္တလေး
TNLA +PDF ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်တပ်တို့ရဲ့တိုက်ပွဲများကြောင့် ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းက ပျက်စီးခဲ့တဲ့ ဧရာဝတီ(ရတနာသိင်္ခ)တံတားကို ပြန်လည်ပြုပြင်မှုများပြုလုပ်သွားမှာဖြစ်ကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်လာပါတယ်။
မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်ကို TNLA တပ်ဖွဲ့များရဲ့ ထိန်းချုပ်မှုအောက်ကနေ ဒီဇင်ဘာ(၁၉)ရက်နေ့မှာ စစ်တပ်ဘက်မှ အလုံးစုံပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါတံတားကို အမြန်ဆုံးပြုပြင်သွားမယ့်အကြောင်းကို အခုလိုပြောဆိုလာတာပါ။
ဒီတံတားက စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နဲ့ စဉ့်ကူးမြို့တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်ပါတယ်။
အောက်တိုဘာလ (၂၈)ရက်နေ့ညမှာ ပျက်စီးခဲ့တဲ့ဒီတံတားကို တအာင်းတပ်နဲ့MDY-PDF ပူးပေါင်းတပ်တို့က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုဘက်က ပြောဆိုမှုရှိသလို တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ပျက်စီးခဲ့တယ်လို့လည်း လက်နက်ကိုင်နှစ်ဖွဲ့အကြား အပြန်အလှန်စွတ်စွဲမှုတွေရှိခဲ့တာဖြစ်ပါတယ်။
ရတနာသိင်္ခတံတားကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ အရှည်ပေ(၂)ထောင်ကျော်ရှိပါတယ်။
စဉ့်ကူးမြို့နယ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ရဲ့လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေ တစ်နှစ်ကျော်ကြာ ထိန်းချုပ်စိုးမိုးခဲ့ပါတယ်။
ယခုနှစ်(၂၀၂၅)ခုနှစ် ဇွန်လကနေစတင်ပြီး စဉ့်ကူးမြို့နယ်နဲ့လမ်းပိုင်းအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ဘက်မှ လေကြောင်းကိုအဓိကထား ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အပြင်းအထန်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်က အရေးပါတဲ့လမ်းပိုင်းတစ်ခုဖြစ်တဲ့ မန္တလေး-မတ္တရာ-စဉ့်ကူးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး နောက်ထပ် သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်းကို ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားနေတာကြောင့် အဆိုပါလမ်းပိုင်းတွေမှာ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရပါတယ်။
