

အောက်တိုဘာ ၁၅ ၊ သီပေါ
တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့ သီပေါမြို့နယ် နမ့်ဟူးနွဲဲ့ကျေးရွာမှာ စစ်တပ်က လေကြောင်းကနေ မနေ့က အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဗုံးအလုံး ၃၀ ကြဲချခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်လာပါတယ်။
တအာင်းတပ် TNLAသိမ်းထားတဲ့ သီပေါမြို့နယ်ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာလို့ ဆိုပါတယ်။
အထက်နမ့်ဟူးနွဲ့ကျေးရွာ နဲ့ ခါးလိန်ကျေးရွာအနီး ကိုတန်ကုန်း၊ စံဖိတ်ကျေးရွာသင်္ချိုင်းကုန်းနေရာတွေကို Y12 လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာဖြစ်ပြီး နေအိမ်တချို့နဲ့ ကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးခဲ့တာလို့ ပြောပါတယ်။
ခါးလိန်ကျေး ရွာ နေအိမ်(၃) လုံး နှင့် နမ့်ဟူးနွဲ့ ဘုန်းကြီး ကျောင်းရှိ မယ်သီလရှင်ကျောင်း တစ်ဆောင်ထိခိုက်ပျက်စီးတာလို့ SSPP က ပြောပါတယ်။
အဲ့ဒီကျေးရွာတွေကို စစ်တပ်က မြေပြင်ကနေ ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းမှုတွေပြုလုပ်နေပြီး တိုက်ပွဲပြင်းထန်နေဆဲလို့လည်း သိရပါတယ်။
ဒီနေ့မနက်ပိုင်းကစလို့ မွန်းလွဲပိုင်းအထိ ဘော်ကြိုကျေးရွာအုပ်စုထဲက နားခိုင်းကျေးရွာ နှင့် ကောင်းခါးကျေးရွာ အနီးမှာ TNLA နဲ့ စစ်တပ် တို့တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
ကျောက်မဲမြို့ကို စစ်တပ်က သိမ်းပိုက်ပြီး လဝက်အကြာမှာ TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့နဲ့ ၄ မိုင်အကွာအထိ ရောက်ရှိလာပြီး တိုက်ပွဲတွေပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။