တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်အတွင်းမှာ တစ်ပတ်အတွင်းအရပ်သား ၁၀၀ နီးပါး စုဆောင်းရေးဆွဲခံရ 

စက်တင်ဘာ ၂၄ ၊ ဖားကန့်

 ဖားကန့်မြို့နယ်အတွင်းရှိ မှော်အနှံ့အပြားမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ စုဆောင်းရေးခေါ်ဆောင်ခြင်းခံရသူ ယခုသီတင်းပတ်တစ်ပတ်အတွင်း လူဦးရေ(၁၀၀)နီးပါးရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

နေ့စဉ်ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေပြီး သို့သော် ရှမ်းနီတိုင်းရင်းသားများကိုတော့ ပြန်လည်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ 

ဒီနေ့ မနက် ၁၀ နာရီမှာ ကခ(ကချင်) တွေ စုဆောင်းရေး အများကြီး ခေါ် သွားတယ် မှော်အနှံ့ပေါ့ လေ ရှမ်းနီ ဆိုပြန်လွှတ်ပေးတယ်  မခေါ်ရဲဘူး လို့ ပြောသံတွေကြားရတယ် ရှမ်းနီ ဆို စိတ်မချဘူးတဲ့ လူဖမ်းတာက နေ့စဉ်လိုပါဘဲ ဒီနေ့ အများဆုံး”ဟု မနေ့က စက်တင်ဘာ(၂၃)ရက်နေ့မှာ လောလောလတ်လတ်ဖမ်းဆီးခြင်းပြုလုပ်ခဲ့ကြောင်းကို ဖားကန့်မြို့ခံတစ်ဦးက အခုလိုပြောပြတာပါ။

မနေ့က စုဆောင်းရေးခေါ်ဆောင်ခံရသူတွေထဲမှာ  မှော်စီစာကျေးရွာရှိ တင်အောင်ကြိုင်ကျောက်စိမ်းလုပ်ကွက်အတွင်းက ရေမဆေးသမားများအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါလုပ်ကွက်အတွင်းက ရေမဆေးသမား(၃၀)ခန့် ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့(၂၄)ရက်နေ့မှာ မိသားစုများမှ ကျပ်သိန်း(၅၀)ဖြင့် ပြန်လည်ရွေးထုတ်ခြင်းများပြုလုပ်နေကြောင်း သိရပြီး လွှတ်ပေးခြင်းရှိမရှိကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

မှော်အနှံ့ဆိုတော့ အရေအတွက်အတိအကျမသိဘူး  မော်စီစာမှာတော့ တနေရာထဲ ၃၀ဦး   တင်အောင်ကြိုင်လုပ်ကွက်မှာကျင်းတူးနေကြတဲ့သူတွေပါသွားတာ နီးစပ်သူအဆက်သွယ်ရှိသူတွေဆို ရွေးလို့ရတယ်လို့ပြောတယ်” လို့ သူကဆက်ပြောပြပါတယ်။

ဒီလိုစုဆောင်းရေးခေါ်ဆောင်မှုတွေကို မှော်စီစာ၊ လုံးခင်း၊ကုဋေမှော်နဲ့ ဖားပြင်လှေကူးတို့ဆိပ်တို့တွေမှာ အများဆုံးပြုလုပ်နေတာဖြစ်သလို ဖမ်းဆီးခံရသူတွေကို ၎င်းတို့ယာဉ်များပေါ်သို့ တင်ဆောင်ခေါ်ဆောင်သွားတာဖြစ်ကြောင်း ဆိုကြပါတယ်။

 ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးသော ကလေးငယ်များလည်းပါဝင်နေကြောင်း သိရှိရပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ KIA က ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ ခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ဘက်မှ လက်နက်ကြီးများကိုလည်း နေ့စဉ်ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသတွင်းနေထိုင်သူများထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *