ထမံသီ ချင်းတွင်းမြစ်ကူးတံတားဖွင့်

ဖေဖော်ဝါရီ ၁၆ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဒေသနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆက်သွယ်ကူးသန်းထားသော ချင်းတွင်းမြစ်ကူးတံတား(ထမံသီတံတား)ကို မနေ့က ဖေဖော်ဝါရီ(၁၆)ရက်နေ့မှာ တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်တို့က တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဟုမ္မလင်းဒေသကနေ  နာဂဒေသ လေရှီး ၊လဟယ်နဲ့ နန်းယွန်းဒေသတို့ကို ဆက်သွယ်ထားသော အဆိုပါတံတားရဲ့အရှည်မှာ  (၂၆၂၈)ပေရှိပြီး အမြင့်(၄၀)ပေရှိကာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပါတယ်။

ထမံသီတံတားကို ၂၀၂၁ ခုနှစ်မှ စတင်ခဲ့ပြီးတည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်နှစ်ကုန်ပိုင်းမှာ အပြီးသတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းမှာ လာမယ့်နှစ်မှာ ကျန်ရှိနေတဲ့  ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အပြီးသတ်မယ်လို့ စစ်ကော်မရှင်ဥက္ကဌက ဟုမ္မလင်းဒေသခံတွေနဲ့ တွေ့ဆုံချိန်မှာပြောဆိုခဲ့ပါတယ်။ 

ချင်းတွင်းမြစ်အတွင်းမှာ ကလေးဝချင်းတွင်းမြစ်ကူးတံတား၊ မုံရွာချင်းတွင်းမြစ်ကူးတံတား၊ ဆင်ဖြူရှင်ချင်းတွင်းမြစ်ကူးတံတား၊ ဟုမ္မလင်းချင်းတွင်းမြစ်ကူးတံတား၊ခန္တီးချင်းတွင်းမြစ်ကူးတံတားနဲ့ ယခုထမံသီတံတားက (၆)စင်းမြောက် ချင်းတွင်းမြစ်ကူးတံတားဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *