နယ်စပ်ခြံစည်းရိုးကာနေတဲ့ အာသံရိုင်ဖယ်တပ်ကို နာဂလက်နက်ကိုင်တပ်ဖွဲ့တိုက်ခိုက် 

မတ်(၂၇)၊ ပန်ဆောင် 

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းရှိ  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပန်ဆောင်မြို့မှာ နယ်စပ်ခြံစည်းရိုးကာနေတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့များကို နာဂလက်နက်ကိုင်အဖွဲ့ ၊နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K (YA)) က မတ်လ(၂၆)ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နာဂတိုင်းရင်းသားအားလုံးက ဒီခြံစည်းရိုးကာခြင်းကို ကန့်ကွက်နေပေမယ့် အိန္ဒိယဘက်က တည်ဆောက်ရေးကို ဆက်လက်ပြုလုပ်နေတာကြောင့် အခုလိုတိုက်ခိုက်ရတာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့်အာသံရိုင်ဖယ်တပ်ဖွဲ့(Assam Rifle) (၃)ဦး သေဆုံးခဲ့ကြောင်း နာဂတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။

ဒီခြံစည်းရိုးကာဖို့ကို မြန်မာနဲ့အိန္ဒိယနှစ်နိုင်ငံ အစိုးရတို့က သဘောတူညီခဲ့ပြီး (၂၀၂၅)ခုနှစ် နိုဝင်ဘာလကနေ ပန်ဆောင်မြို့ရှိ အမှတ်(၁၇၂)နဲ့ (၁၇၃)ကြားမှာ စတင်ပြီးဆောက်လုပ်ခဲ့ရာ နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ နာဂတိုင်းရင်းသားတွေရဲ့ နေအိမ်(၁)ထောင်ခန့်က ပြောင်းရွေ့ပေးရမှာလည်းဖြစ်ပါတယ်။

ယခုနှစ်ဇန်နဝါရီလ မှာ နှစ်နိုင်ငံနယ်စပ်မှာနေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေရဲ့အဖွဲ့အစည်းပေါင်းစုံက  ဒီဆောက်လုပ်ရေးကို သဘောမတူကြောင်းဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

နောက်ထပ်ဆက်လက်ပြီးလည်း ဒီဆောက်လုပ်ရေးကို ဘာအကြောင်းမှလက်ခံပေးစရာမရှိသလို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဆန့်ကျင် ငြင်းပယ်သွားမှာဖြစ်တယ်လို့ NSCN/GPRNက ထုတ်ပြန်ထားပါတယ်။

ဒီခြံစည်းရိုးအတွက် အိန္ဒိယအစိုးရက ရူပီးသန်း(၃)သောင်းကျော် သုံးစွဲသွားမှာဖြစ်ပြီး ငါးနှစ်စီမံကိန်းသတ်မှတ်ထားသလို တရားမဝင်ကုန်သွယ်မှု၊နယ်စပ်ဖြတ်ကျော်မှုများကိုထိန်းချုပ်ဖို့နဲ့ မူးယစ်ဆေးဝါးတင်သွင်းမှုတွေကို တာဆီးဖို့ ကာရံတာဖြစ်တယ်လို့ အိန္ဒိယကသဘောထားထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *