နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးကို လဟယ်ပကဖ  မိုင်းခွဲတိုက်ခိုက် 

ဒီဇင်ဘာ ၂၆ ၊ လဟယ် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးကို လဟယ်မြို့နယ် ပကဖ တွေက မိုင်းခွဲတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ( ၂၄) ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အုပ်ချုပ်ရေးရုံးရဲ့ ပထမဆုံးတိုက်ခိုက်ခံရမှုလည်းဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ 

တိုက်ခိုက်ခံရမှုကြောင့် ဒေသဦးစီးရုံးရှိ ပြတင်းပေါက်မှန်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဘေးကပ်ရပ်မှာရှိနေတဲ့ စိုက်ပျိုးရေးရုံးအဆောက်အဦးရဲ့ မျက်နှာကျက်တွေလည်း ပြိုကျထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ နာဂသတင်းကဖော်ပြပါတယ်။ 

ဒီလိုတိုက်ခိုက်မှုဟာ နာဂဒေသတစ်ခုလုံးက အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုတွေကို ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေ နဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို သတိပေးမှုဖြစ်တယ်လို့ လဟယ်ပကဖက ဆိုပါတယ်။ 

နာဂဒေသက လူငယ်တွေဟာ စစ်သားစုဆောင်းခံနေရပြီး စစ်သားသစ်စုဆောင်းမှုအားကောင်းတဲ့ နယ်မြေသဖွယ်ဖြစ်လာနေပြီး နာဂလက်နက်ကိုင်တပ်ဖွဲ့တချို့လည်းပါဝင်ပတ်သက်နေတယ်လို့ ပြောထားပါတယ်။

လဟယ်ပကဖက ဝန်ထမ်းတွေအပြင် နာဂလက်နက်ကိုင်တပ်တွေကိုပါ အခုတိုက်ခိုက်မှုကနေ  သတိပေးထားတာလည်းဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးရုံး တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ဒီဖြစ်စဉ်ကြောင့် လူထုရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံရေးတို့ ကို လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ 

နာဂဒေသအတွင်းလှုပ်ရှားမယ့်  နာဂဒေသ ပကဖ များအား  NUGမှ လက်နက်တပ်ဆင်ပေးမှုတွေကို ၂၀၂၅ ခုနှစ် မတ်လမှာပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ကုန်ကာလမှာ နာဂဒေသနဲ့ ခန္တီးမြို့အထက်ပိုင်းအတွင်း လှုပ်ရှားမှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။

နာဂဒေသတွင် NSCN-K/AM၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ(NSCN-IM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ဟန်ရှီရမ်ဆမ်(NSCN-IM/HS)၊ အရှေ့နာဂအမျိုးသားအစည်းအရုံး(ENNO/ENDA)၊ နာဂ PDF တို့ အပါအဝင် ကသည်းနဲ့ အာသံ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လှုပ်ရှားနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *