နေပြည်တော်က ငြိမ်းချမ်းရေးညီလာခံမှာ  ရှမ်းနီပါတီတွေ ဘာတွေဆွေးနွေးခဲ့ကြလဲ 

ဇူလိုင် ၃ ၊ မိုးညှင်း 

နေပြည်တော်မှာ ဇွန်လကုန်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်   မှာ ရှမ်းနီနိုင်ငံရေးပါတီတွေဖြစ်တဲ့ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ  ( ကျားနီပါတီ )​ နဲ့  ရှမ်းနီ(တိုင်းလျမ်) သွေးစည်းညီညွတ်ရေးပါတီ (ကျားမင်းပါတီ) တွေက ခေါင်းဆောင်ပိုင်းတွေတက်ရောက်ခဲ့ကြပါတယ်။ 

ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရောက်ခဲ့တဲ့ ရှမ်းနီပါတီတွေ အဓိကဆွေးနွေးမှုတွေထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ အစီအမံတွေအကြောင်းကို အကျယ်တဝင့်တွေ့ရှိရပါတယ်။

ကျားနီပါတီဥက္ကဌ ဦးစိုင်းဌေးအောင်က ဖိုရမ်ကိုတက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ အစီအမံတွေကို ချက် ၇ ချက်နဲ့ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး လွတ်တော်ဖော်ဆောင်ရေးအတွက် အစီအမံတွေထဲမှာ မဲရလဒ်တွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် နိုင်ငံစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေကို ထည့်သွင်းစဉ်းစားတာ၊ အငြင်းပွားဖွယ်ရာရလဒ်တွေကို ဖြေရှင်းဆောင်ရွက်ဖို့ပြောဆိုထားပါတယ်။

ဒါ့အပြင် လွတ်တော်ဆုံးဖြတ်ချက်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းလျော့နည်းချုပ်ငြိမ်းအောင် ဆောင်ရွက်စေတာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအပြောင်းအလဲတွေကို စနစ်တကျပြင်ဆင်ပြီးမှ လွှဲပြောင်းသင့်ပြီး ၁၉၄၇ ခုနှစ်က ပင်လုံညီလာခံကနေ အဆောတလျင်လုပ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားပြဿနာတွေဟာ မပြီးနိုင်ကြောင်း ဦးစိုင်းဌေးအောင်က ဆိုပါတယ်။ 

ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး စီးပွားရေးဖွံ့ဖြိုတိုးတက်ရေးတို့ကိုသာ တစိုက်မတ်မတ် ဆောင်ရွက်သင့်တယ်လိုလည်း ဆွေးနွေးချက်ထားကြောင်း သိရပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းသာဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီဖြစ်တဲ့ SSP (ကျားမင်းပါတီ) ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ စီမံဆောင်ရွက်မှုတွေနဲ့ ဒေသခံတွေလက်ရှိကြုံတွေ့နေကြတဲ့ ပြဿနာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ရွေးကောက်ပွဲကျင်းပဖို့အတွက် မဲဆန္ဒနယ်၊ ဥပဒေနည်းဥပဒေ ၊ မဲပေးစနစ်၊ ရွေးကောက်ပွဲလုံခြုံရေး၊ သတင်းမီဒီယာ ၊​ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။  

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၊ မထိုးရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်အောင် လုပ်ဆောင်ဖို့ပြောဆိုထားပါတယ်။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ၊လိုအပ်ချက်တွေနဲ့ လူမှုဘဝ စိန်ခေါ်မှုတွေကို ကူညီပံ့ပိုးပေးတာ၊ သွားလာသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လွယ်ကူအောင် လုပ်ဆောင်ပေးရမယ်လို့ဆိုပါတယ်။

ငြိမ်းချမ်းရေးဖိုရမ်ကနေရရှိလာတဲ့ အကြံပြုချက်တွေနဲ့အတူ စစ်ကောင်စီက ရွေးကောက်ပွဲကိုကျင်းပရေးကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲဖွင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *