
“ပြတိုက်” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရင် ဘာကို ပြေးမြင်မိပါသလဲ။
ဖုန်တက်နေတဲ့ ရှေးဟောင်းပစ္စည်းတွေ၊ မှန်ဘောင်ထဲ ထည့်ထားတဲ့ ဝတ်စုံဟောင်းတွေနဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အဆောက်အအုံတစ်ခုကို ပြေးမြင်မိကြမှာပါ။
ဒါပေမဲ့. ရှမ်းနီလူမျိုးတွေအတွက် တကယ့်ပြတိုက်ဆိုတာ အဲ့ဒီလို မဟုတ်ပါဘူး။
ပြတိုက်က သက်ဝင်လှုပ်ရှား ရှင်သန်နေပါတယ်။ ဒါကို “သက်ရှိပြတိုက်” (Living Museum) လို့ ခေါ်ပါတယ်။
သက်ရှိပြတိုက်ဆိုတာ ဘာလဲ?
သက်ရှိပြတိုက်ဆိုတာ အဆောက်အအုံတစ်ခု မဟုတ်ပါဘူး။
ရှမ်းနီမြေပေါ်မှာ နေထိုင်ကြတဲ့ ရှမ်းနီလူမျိုး တစ်ယောက်ချင်းစီတိုင်းက ဒီပြတိုက်ကြီးရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။
• အိမ်မှာ ဘိုးဘွားတွေက မြေးငယ်လေးတွေကို ရှမ်းနီပုံပြင် ပြောပြနေတာဟာ သက်ရှိပြတိုက်ပါပဲ။
• မီးဖိုချောင်ထဲကနေ မွှေးပျံ့လာတဲ့ ရှမ်းနီ ရိုးရာဟင်းလျာတွေရဲ့ ရနံ့ဟာ သက်ရှိပြတိုက်ပါပဲ။
• ပွဲတော်ရက်တွေမှာ ရိုးရာဝတ်စုံကို ဂုဏ်ယူစွာ ဝတ်ဆင်ပြီး စည်တီးကခုန်နေကြတာဟာ သက်ရှိပြတိုက်ပါပဲ။
• ရှမ်းနီဒေသရဲ့ သစ်တောထူအုပ်အုပ်တွေကြားက ကျေးငှက်တိရစ္ဆာန်တွေရဲ့အသံဟာ သက်ရှိပြတိုက်တွေပါ။
ဆိုလိုတာက ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုဟာ စာအုပ်စင်ပေါ်မှာ ကျန်ရစ်နေခဲ့တာမျိုး မဟုတ်ဘဲ နေ့စဉ်ဘဝထဲမှာ လက်တွေ့စီးဆင်းနေတာကို ဆိုလိုတာပါ။ “ရှမ်းနီတိုင်းရင်းသားတို့ကိုယ်တိုင်က ပြတိုက်မှူးတွေဖြစ်ပါတယ်။
အခုဒီဆောင်းပါးကို ဖတ်နေတဲ့ ရှမ်းနီသွေးသားတိုင်းဟာ မိမိလူမျိုးရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ “ပြတိုက်မှူး” တွေ ဖြစ်ကြပါတယ်။
ပြောလိုက်တဲ့ရှမ်းနီစကားတစ်ခွန်း၊ သင်ဝတ်ဆင်လိုက်တဲ့ ရိုးရာဝတ်စုံတစ်ခု၊ သင်မျှဝေလိုက်တဲ့ ဗဟုသုတတစ်ခုတိုင်းက ဒီသက်ရှိပြတိုက်ကြီးကို ပိုပြီး ခမ်းနားထည်ဝါစေပါတယ်။ “ ကျွန်ုပ်တို့၏ ရိုးရာသည် အတိတ်က ကျန်ရစ်ခဲ့တဲ့ အရာမဟုတ်၊ အနာဂတ်သို့ သယ်ဆောင်သွားမည့် အသက်ဝိညာဉ် ဖြစ်ပါတယ်”
ရှမ်းနီအသံ မီဒီယာနှင့် သက်ရှိပြတိုက်
————————
“ရှမ်းနီအသံ” မီဒီယာကတော့ ဒီသက်ရှိပြတိုက်ကြီးရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပေးနေတဲ့ မှန်တစ်ချပ်ပါ။ ရိုးရာဓလေ့တွေကို ဒီဂျစ်တယ်နည်းပညာနဲ့ ပေါင်းစပ်ပြီး ကမ္ဘာကမြင်အောင် နောင်မျိုးဆက်တွေ သိအောင် ချပြနေခြင်း ဖြစ်ပါတယ်။ ရှမ်းနီဒေသတွင်း သက်ဝင်လှုပ်ရှားနေတဲ့အသံတွေကို အမြဲဖော်ထုတ်နေတဲ့ အသံဆိုလည်းမမှားပါဘူး။ ဒီသက်ရှိပြတိုက်ကို အမြဲမှတ်တမ်းတင်ထားနိုင်ဖို့အတွက် သင်တို့ရဲ့အကူအညီလိုအပ်နေပါတယ်။ ရှမ်းနီအသံ၏ ကြီးမားသည့် ရည်ရွယ်ချက်များထဲမှာ “ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစာပေများ ထိန်းသိမ်းဖော်ထုတ်ရေး” လည်း ပါဝင်နေပါတယ်။ရှမ်းနီအသံသည် ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ပုံရိပ်တွေအဖြစ် အမြဲတည်ရှိသွားပါမယ်လို့ ကတိပြုပါတယ်။
ကိုယ်တိုင်ပုံဖော်နေတဲ့ ပြတိုက်ထဲက မှတ်တမ်းတွေကို အစဉ်ထာဝရရှိနေစဖို့ ရှမ်းနီအသံကို ထောက်ပံ့ကြစို့။
