
မေ ၂၁ ၊ တမူး
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) ( ၁၀ ) ဦးကို အာသံရိုင်ဖယ်တပ်တွေ ဖမ်းဆီးသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဗဟိုအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ အပစ်ပြေးဖို့ NUG က မေလ ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ တမူးပကဖတပ်ဖွဲ့ဝင် ၁၀ ဦးက အိန္ဒိယ-မြန်မာနယ်စပ်ဝန်းကျင်မှာ ယာယီစခန်းပြောင်းရွေ့နေစဉ် အိန္ဒိယ အာသံရိုင်ဖယ်တပ်တွေဟာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်ဆီးသွားပြီး ၃ ရက်အကြာမှာ အာသံရိုင်ဖယ်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲတွေကြား ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးသွားသူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
သွားရောက်ညှိနှိုင်းတဲ့နေရာမှာလည်း အိန္ဒိယဘက်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ဖိအားပေးမှုတွေရှိခဲ့ပြီး သဘောတူညီမှုတချို့ကို လက်မှတ်ရေးထိုးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်မှတ်ရေးထိုးခဲ့ရတဲ့ သဘောတူညီချက်တွေထဲမှာ သတ်ဖြတ်ခံရတဲ့ ပကဖ တပ်ဖွဲ့ဝင် (၁၀) ဦးဟာ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ပြီး စတင်ပစ်ခတ်တာကြောင့် နိမ်နှင်းခဲ့ရတာဖြစ်သလို ၊ နယ်စပ်ဒေသအတွက် ခြံစည်းရိုးကာရုံနေမှုတွေကိုလည်း မကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားတဲ့နေရာဟာ NUG က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တမူးမြို့နယ် ခမ်းပတ်မြို့ ကမ္မကြီးကျေးရွာအနီးမှာဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်နဲ့ မီတာအနည်းငယ်သာ ကွာဝေးတာဖြစ်ပါတယ်။
အိန္ဒိယ စစ်တပ်ရဲ့ ကနဦးသတင်းထုတ်ပြန်ချက်မှာလည်း အာသံဒေသမှာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ကေဒါ ၁၀ ဦးကို နိမ်နှင်းခဲ့ပြီး လက်နက်အမြောက်အများသိမ်းဆည်းရမိတယ်လို့ ဆိုထားပါတယ်။
အာသံရိုင်ဖယ်တပ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ NUG က အိန္ဒိယနိုင်ငံအစိုးရ အနေနဲ့ အမှုမှန် ပေါ်ပေါက် ရေးအတွက် လုပ်ဆောင်ပေးဖို့ ၊ နစ်နာသူ တွေကို လျှော်ကြေးပေးအပ်ဖို့ ၊ နောင်ဒီကိစ္စတွေ ထပ်မဖြစ်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ် ကာရံမှုတွေကို ရပ်တန့်ထားပေးဖို့အတွက် တောင်းဆိုထားပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ တောင်းဆိုချက်တွေကို အလေးထားပြီး အရေးယူဖို့နဲ့ ဒီကိစ္စအမှုမှန်မပေါ်ပေါက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို NUG အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်စပ်ဒေသက တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း နိုင်ငံကြီးသား မပီသတဲ့ လုပ်ရပ်တွေကို မပြုလုပ်ဖို့ ၊ နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သယ်ဆောင် ထိန်းချုပ်တာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း NUG က ပြောဆိုထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ဒေသရဲ့ နယ်စပ်မျဉ်းမြို့တွေအများစုကို NUG လက်အောက်မှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
