ပဋိပက္ခဒေသတွေအတွင်းကမိုင်းအန္တရာယ်ကာကွယ်နည်းများ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကဲ့သို့သော  တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့်  ဒေသများ၌ ဒေသခံများသည် ကျေးရွာများအတွင်းတွင် နေထိုင်နေကြရဆဲဖြစ်သည်။ ဒေသခံများအဖို့ စားဝတ်နေရေးများအတွက် ပူပင်နေရသကဲ့သို့ တခြားတစ်ဖက်တွင်လည်း  အသက်အန္တရာယ်များအား ခြိမ်းခြောက်နေသာ မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သည့်ပစ္စည်းများအန္တရာယ်တို့လည်းရှိနေသည်။ထို့ကြောင့်အထူး ဂရုပြုနေထိုင်ကြရန်လိုအပ်နေသည်။  အထူးသဖြင့် ဖားကန့်မြို့နယ်နှင့်  ဗန်းမော်ခရိုင်တို့၌ ယခုနှစ်အပိုင်းအခြားများ၌  “မိုင်း”အမျိုးမျိုးကြောင့် ထိခိုက်သေဆုံးမှုများ အလွန်ပင်များပြားလာသည်ကို တွေ့မြင်ရပါသည်။  အထိအခိုက်နည်းပါးစေရန်  မြေမြှုပ်မိုင်းနှင့်အခြားပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရာယ် ဆောင်ရန်ရှောင်ရန်နည်းများအား မှတ်သားထားရန်လိုအပ်သည်။ 

လက်လုပ်ပေါက်ကွဲစေတတ်သောပစ္စည်းများ 

 များသောအားဖြင့် ထိခိုက်သူများပြားနေသည့် လက်နက်ကြီးကဲ့သို့သော ပေါက်ကွဲစေတတ်သောပစ္စည်းများအပြင်  ပုံစံမျိုးစုံရှိနေသည့် ‘မိုင်း’များထဲတွင် အရပ်ခေါ် လက်လုပ်မိုင်း(သို့မဟုတ်)လက်လုပ်ပေါက်ကွဲစေတတ်သောပစ္စည်းများ၏အန္တရာယ်လည်း  ရှိနေသည်။ ဒီလက်လုပ်မိုင်းတွေသည် ပြည်တွင်းလုပ်၊လက်လုပ်ဖောက်ခွဲရေးပစ္စည်းများဖြစ်ပြီး ၎င်းတို့အား နေ့စဉ်သုံးပရိဘောဂအရာဝတ္ထုပစ္စည်းများဖြင့် ပြုလုပ်ထားလေ့ရှိ၏။ သေတ္တာများ၊ကွန်တိန်နာများ၊ဂတ်စ်ပုလင်းများ၊ဘက်ထရီအိုးများ၊အိတ်များ၊ (PVC) ပလတ်စတစ်ပိုက်များနှင့် ဘောလုံးစတဲ့ကစားစရာပစ္စည်းများဖြင့်  ပြုလုပ်ထားပါသည်။ ရေမြေဒေသအလိုက် ကွဲပြားသောမိုင်းများလည်းရှိနေနိုင်ပြီး ဝါးအဆစ်ပိုင်းများတွဲလျှက်ချည်နှောင်၍ လျှစ်စစ်ဝိုင်ယာကြိုးများဖြင့်လည်း ပြုလုပ်လေ့ရှိသည်။လက်လုပ်မိုင်းအများစုသည် လျှပ်စစ်ဝါယာကြိုးများဖြင့် ဆက်သွယ်ပြုလုပ်ထားသည်ကို တွေ့ရများသည်။ 

 “ယာဉ်ဖျက်မိုင်း”  ပုံသဏ္ဍာန်များကဲ့သို့လည်းရှိနေနိုင်ပြီးထောင်ချောက်ဆင်’မိုင်း’များလည်းရှိသည်။

 လက်လုပ်မိုင်းဟုဆိုကာ ပေါ့ပေါ့ဆဆမတွေးသင့်ပါ။ ပြင်းထန်သည်။လက်လုပ်မိုင်းသည် ပြုလုပ်သူ/ထောင်ထားသူ၏ရည်ရွယ်ချက်အပေါ်မူတည်သည်ဖြစ်သော်လည်း ထိခိုက်သေစေနိုင်သည်။

လက်လုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သောပစ္စည်းများတည်ရှိနေနိုင်သောနေရာပတ်ဝန်းကျင်များ 

လက်နက်ကိုင်တပ်ဖွဲ့များဖောက်လုပ်ထားသောလမ်းပိုင်းများ၊ စခန်းဟောင်းများ၊စခန်းအသစ်များ၊အဓိကကျသည့်ရေအရင်းအမြစ်နေရာများ၊ ဆေးရုံဆေးခန်းများ၊ကျောင်းများနှင့် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်းသိရှိခဲ့သောနေရာများ၊ကျွဲ၊နွားတိရစ္ဆာန်အရိုးစုပုံရှိနေသည့်နေရာများ၊လူသွားလမ်းများပေါ် မြေဖွထားခြင်း(သို့)မြေတူးထားခြင်းလက္ခဏာများအပြင် ဆွဲဆောင်မှုရှိသော အရာဝတ္ထုတစ်ခုခုတို့အား ဖွင့်ဖောက်ကာချန်ထားခဲ့ခြင်းတို့ကို တွေ့ရှိပါက လုံးဝလုံးဝအနားသို့ စပ်စုခြင်းမပြုပါနှင့်။ထောင်ချောက်မိုင်းများ ဖြစ်နေနိုင်သည် သတိထားပါ။  ဒေသခံများ၏အမှတ်အသား(သို့မဟုတ်) မြို့နယ်ခေါင်းဆောင်များမှ သတ်မှတ်ထားသောသတိပေးချက်များ၊ လူများအသုံးပြုဆဲနေရာများတွင် ကျောက်တုံးများကို တစ်ခုပေါ်တစ်ခုထပ်ပြီးစီထားခြင်း  (သို့) လမ်းကိုပိတ်ပြီးစီထားခြင်း ၊သစ်သားတုတ်များဖြင့် ကြက်ခြေခတ်ပုံသဏ္ဍာန် ပြုလုပ်ထားခြင်း၊ သစ်ကိုင်းများကိုခုတ်ပြီး လမ်းပေါ်တွင် ချထားခြင်း ၊သစ်ပင်ပေါ်တွင် ဓားရာများခုတ်ထစ်ထားခြင်း၊ အန္တရာယ်သတိပေးတိပ်( အဝါရောင် နှင့် အနက်ရောင် အစင်းကြောင်းတိပ်များ စာသားဖြင့် ရေးသားထားသော သတိပေးချက်များအား  အနီးအနားရှိနံရံ ၊သစ်ပင်၊ သစ်သားအပိုင်းအစတွေပေါ်  မြင်တွေ့နိုင်သည်။ ထိုအရာတွေသည် အန္တရာယ်သတိပေးလက္ခဏာများဖြစ်၏။ 

မဖြစ်မနေနေရပ်ပြန်စစ်ဘေးတိမ်းရှောင်သူများလည်း ‘မိုင်း’အန္တရာယ်ကိုဂရုပြုပါ

မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေနိုင်သောပစ္စည်းများအန္တရာယ်ကို ပဋိပက္ခနယ်မြေများအတွင်းနေထိုင်နေသူများဟု ဆိုရာ၌ တိုက်ပွဲများပြီးဆုံးပြီးနောက် မိမိတို့နေရပ်တို့ မဖြစ်မနေ နေရပ်ပြန်ရမည့်သူများလည်း ဂရုပြုရပါမည်။ အခြားနေရပ်ပြန် ပြည်သူလူထုများနှင့် အခြေအနေကို ဆန်းစစ်လေ့လာပါ။ မိမိနေထိုင်ရာနေရာဒေသ (သို့) အခြားနေရာဒေသများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း မစတင်မှီ ဘေးအန္တရာယ်ကင်းစွာလုပ်ဆောင်နိုင်ရန် ဦးစွာပြင်ဆင်ပါ။ အခြားနေရပ်ပြန် ပြည်သူများနှင့်ဆွေးနွေးတိုင်ပင်ပါ။ မိသားစုများအား မခေါ်ဆောင်သေးပဲ အိမ်ထောင်ဦးစီး(သို့)လူကြီးတစ်ဦးဦးက ဦးစွာကြည့်ရူပါ။ မိမိ၏ နေအိမ်ပတ်ဝန်းကျင်ကို မဖြစ်မနေ ရှင်းလင်းရေးလုပ်ဆောင်ရမည်ဆိုပါက ကျွမ်းကျင်သူများအား ခေါ်ယူပြီး အကူအညီတောင်းခံပါ။ မိမိနေအိမ်အတွင်းကို လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်နေထိုင်ခဲ့ဖူးသည်များလည်း ရှိနိုင်ပါသည်။ စစ်လက်နက်အကြွင်းအကျန်များ၊ပေါက်ကွဲနိုင်သောပစ္စည်းနှင့်မိုင်းများ ကျန်ရှိနေနိုင်သည်။ ‘မိုင်း’များကျန်ရှိခဲ့ခြင်းကြောင့် နေအိမ်ရှင်းလင်းရေးလုပ်ဆောင်ချိန် သေဆုံးထိခိုက်ခဲ့သည့်သာဓကများရှိခဲ့ကြောင်းကို နေရပ်ပြန်စစ်ရှောင်တစ်ဦးမှ ယခုလိုပြောပြခဲ့သည်။ 

 “အိမ်ပတ်ဝန်းကျင်တစ်လျှောက်သန့်ရှင်းရေးလုပ်ပြီးအရှေ့အနောက်ရှင်းပြီးတော့မြေပေါ်မြေအောက်ထယ်စက်နဲ့ငှားပြီးထယ်ပြီးတဲ့ဟာကိုရွာသားမိသားစုတစ်စုကနေမယ်လုပ်တဲ့ချိန်မိသားစုတွေထဲကတစ်ယောက်မိုင်းနင်းမိတယ်အဲ့ဒီထယ်ပြီးတဲ့နေရာမှာပဲအဲ့တာမို့ထယ်ပြီးတာတွေသည်တစ်ခါတစ်လေကျရင်ထယ်ဖော်ပြီးမှအောက်မှာပြန်ဖုံးမိတာတွေဖြစ်သွားနိုင်တယ်ပေါ့နော်စမ်းသပ်ကိရိယာတွေမိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ဆိုရင်၁၀၀ရာခိုင်နှုန်းအာမခံတယ်ပေါ့နော်။နောက်တစ်ခုကရွာပြန်လာရင်းနဲ့ကော်မတီအိမ်မှာဆန်လေးတွေသူတို့ပြန်လာယူကြတယ်စစ်ဘေးရှောင်ရင်းနဲ့အဲ့ကော်မတီအိမ်ရဲ့ရှေ့တည့်တည့်မှာလူတိုင်းမနက်ကတည်းကလူ၁၀ယောက်၁၅ယောက်လာပြီးပြီဒါပေမဲ့အဲ့နေ့မှာနောက်တစ်ယောက်သူ့အလှည့်ဆန်သွားထုတ်တဲ့အချိန်မှာအဲ့အရှေ့မှာပဲသူမိုင်းနင်းမိတယ်ပေါ့အဲ့ကြောင့်မို့မြေမြှုပ်မိုင်းဟာဟိုတစ်ယောက်သွားပြီးပြီဒီတစ်ယောက်သွားပြီးပြီမထိဘူးလို့ပြောလို့မရဘူးပေါ့နော်အဲ့တာကြောင့်မို့ကျွန်တော်တို့အနေနဲ့ဆိုရင်တော့ကတ္တရာလမ်းပေါ်မှာပဲနေစေချင်တယ်သွားစေချင်တယ်မြေသားတို့မြေကြီးတို့မှာမိုင်းထောင်ထားနိုင်ပြီးမိုးပဲရွာရွာရေပဲစီးစီးဒီဟာသည်မိုင်းရှိနေနိုင်သေးတယ်ပေါ့နော်”

 နေအိမ်ပတ်ဝန်းကျင်နှင့်ရပ်ရွာများအား စနစ်တကျရှင်းလင်းခြင်းများမပြုလုပ်မှီ ကျေးရွာများထံမှ သတင်းစကားများ၎င်း၊မိုင်း/မြေမြှုပ်မိုင်းသတိပေးချက်များ ထုတ်လွှင့်လျက်ရှိသောသတင်းဌာနများ၏သတိပေးချက်များကို သိရှိလိုက်နာပြီးမှသာ မိမိတို့နေ့စဉ်လုပ်ဆောင်လျက်ရှိသောနေရာဒေသများတွင် ဝင်ရောက်နေထိုင်သင့်သည်။  ဝင်ရောက်နေထိုင်ပြီးပါကလည်း တိရိစ္ဆာန်ထိန်းကျောင်းခြင်း၊ ဟင်းသီးဟင်းရွက်ခူးဆွတ်ခြင်း၊ ထင်းများကောက်ယူခြင်း စသည်တို့ကို လုပ်ဆောင်သည့်အခါ ကလေးများအား ခေါ်မသွားပါနှင့်။ ကလေးများအား ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်အကြောင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ သိမှတ်ရမည်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့်မည်ကဲ့သို့ ဝေးဝေးနေထိုင် ရမည်ကို သင်ပြထားပေးပါ။ ကလေးများအား ဘေးကင်းလုံခြုံသည့်နေရာ၌ နေထိုင်စေပါ။ကလေးသူငယ်များ ဖြတ်မသွားသင့်သည့်နေရာတို့ကို နယ်နိမိတ်အတားအဆီးများဖြင့် ပြုလုပ်ထားပေးပါ။ 

ထိခိုက်မှုကြောင့်ဖြစ်ပေါ်နိုင်သည့်နောက်ဆက်တွဲဆိုးကျိုးများ

 ‘မိုင်းနဲ့မြေမြှုပ်မိုင်း’များအား ထိမိကိုင်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးလျှင် အသက်ဆုံးရူံးနိုင်သလို အကယ်၍ အသက်ဘေးမှကင်းလွှတ်ခဲ့လျှင်လည်း ခန္တာကိုယ်အစိတ်အပိုင်းများပျက်စီးနိုင်သည်။ ခြေ၊လက်အင်္ဂါများဆုံးရူံးခြင်း၊ အမြင်အာရုံကွယ်ပျောက်ခြင်းနှင့် မိုင်းစများထိမှန်ခြင်းကြောင့် နာတာရှည်ရောဂါနာကျင်မှုများဖြစ်ပေါ်စေနိုင်ပြီး မိမိတို့မိသားစုတွင်လည်း ရှေ့ဆက်အဆင်မပြေမှုများရှိနိုင်ပါသည်။ လမ်းလျှောက်ရန် ခက်ခဲခြင်း၊ မတ်တပ်ရပ်ရန်၊ ခုန်ရန်၊ အရာဝတ္ထုများကို ဆုပ်ကိုင်ရန်၊ ကစားရန် သို့မဟုတ် အလေးအပင်များအား သယ်ယူရန်ခက်ခဲခြင်း စသည့်ရေရှည်လုပ်ဆောင်မှုဆိုင်ရာ အခက်အခဲများကို ဖြစ်ပေါ်စေနိုင်သည်။ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံထိတ်လန့်ခြင်းများ ရေရှည်ဖြစ်ပေါ်နိုင်၏။ 

သို့ဖြစ်ပါ၍ မဖြစ်မနေ နေရပ်ပြန်စစ်ဘေးရှောင်များနှင့် ပဋိပက္ခဇုန်ဒေသများ၌ နေထိုင်သူတို့သည် ပထမခြေလှမ်းကိုဂရုစိုက်ပါ။

“နောက်ခြေတစ်လှမ်း မလှမ်းခင်သတိထားပါ”

ခြေလှမ်းတိုင်းသည် အန္တရာယ်နှင့်နီးကပ်နိုင်သည်။ မသွားသင့်တဲ့နေရာမသွားပါနှင့်-မိုင်းနှင့်တစ်ခြားပေါက်ကွဲစေနိုင်သောပစ္စည်းများ  ရှိနေနိုင်သည်။ မြေကိုတူးဆွခြင်းမပြုပါနှင့် အောက်ဘက်၌မိုင်းရှိနေနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *