ပဋိပက္ခဖြစ်ပွားမှုနည်းပါးတဲ့ကချင်ပြည်နယ်က(၃)မြို့နယ်နဲ့စစ်ကိုင်းတိုင်းက(၁၀)မြို့နယ်ရွေးကောက်ပွဲဒုတိယပိုင်းမှာပါဝင်မယ်

မဲပေးစက်အကြောင်းကို နိုင်ငံရေးပါတီများကို UEC မှ ရှင်းပြနေစဉ်/ Internet

မနေ့က အောက်တိုဘာလ(၂၈)ရက်နေ့မှာ ထုတ်ပြန်လာတဲ့ ရွေးကောက်ပွဲဒုတိယပိုင်းအတွင်း ပါဝင်မယ့်မြို့နယ်များစာရင်းတွင် ပဋိပက္ခဖြစ်ပွားမှုနည်းပါးတဲ့ ကချင်ပြည်နယ်က(၃)မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက(၁၀)မြို့နယ်ပါဝင်ထားပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲအနည်းငယ်ဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ်လည်းပါဝင်လာပြီး တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မချမ်းဘော၊မိုးကောင်းမြို့နယ် စတဲ့(၃)မြို့နယ် တို့ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ အချို့ဒေသမှာတိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ ရေဦး၊မင်းကင်းမြို့နယ် နဲ့ ကလေးဝ၊ဝန်းသို၊ကျွန်းလှ၊မြင်းမူ၊ချောင်းဦး၊ဘုတလင်၊အရာတော်၊ဖောင်ပြင် နဲ့ မော်လိုက် စတဲ့ မြို့နယ်(၁၀)မြို့နယ် ပါဝင်ထားတာကို တွေ့ရပါတယ်။

ဒီထဲမှာ ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် KIA + ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နဲ့ စစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်နဲ့ဗန်းမော်မြို့နယ် တို့ဟာ ရွေးကောက်ပွဲပထမပိုင်းနဲ့ဒုတိယပိုင်းမှာပါ ပါဝင်လာခြင်းမရှိသေးပါဘူး။

ထုတ်ပြန်လာတဲ့ ရွေးကောက်ပွဲဒုတိယပိုင်းက တစ်နိုင်ငံလုံးရှိ မြို့နယ်တွေထဲမှာ (၁၀၀)မြို့နယ်ပါဝင်ပြီး  နယ်မြေတည်ငြိမ်မှုရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်(၁၇)မြို့နယ်လည်း ပါရှိပါတယ်။

ဒါ့အပြင် ကယားပြည်နယ်က (၂)မြို့နယ်၊ ကရင် (၂)မြို့နယ်၊ တနင်္သာရီ (၃)မြို့နယ်၊ ပဲခူး(၁၂)မြို့နယ်၊ မကွေး(၁၁)မြို့နယ်၊ မန္တလေး (၉)မြို့နယ်၊ မွန်(၅)မြို့နယ်၊ရန်ကုန်(၁၆)မြို့နယ်၊ ဧရာဝတီ(၉)မြို့နယ်တို့လည်း ဒုတိယပိုင်းမှာ ပါဝင်ပါတယ်။ 

မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့ကစလို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများက တရားဝင်မဲစတင်ဆွယ်ခွင့်ရရှိထားပြီလည်းဖြစ်ပါတယ်။ 

ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲပထမပိုင်းမှာ ပါဝင်မယ့်မြို့နယ်(၁၀၂)မြို့နယ်ကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ(၂၀)ရက်နေ့က ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ 

အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယအပတ်တို့တွင် လေးပိုင်းခွဲကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *