
အောက်တိုဘာ ၂၃ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက ကျောက်ဝိုင်းအတွင်း လူတွေစည်ကားနေတဲ့အချိန်မှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျောက်ရောင်း/ဝယ်နေသူတွေထွက်ပြေးရမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ ညဦးပိုင်း ၆ နာရီခွဲအချိန်မှာ ဝင်ရောက်ပြီး သေနတ်မိုးပေါ်ထောင်ကာ ပစ်ဖောက်ခဲ့တာဖြစ်တယ်လို့ ထွက်ပြေးရသူတစ်ဦးကပြောပါတယ်။
“ ည ၆ နာရီ ၂၀ လောက်မှာ လုံးခင်းကျောက်ဝိုင်းထဲ ကေအိုင်အေတွေဝင်လာပြီး သေနတ်လာဖောက်လို့ လူတွေထွက်ပြေးလိုက်ကြတာ၊ ဖုန်းကျတဲ့သူနဲ့ ပိုက်ဆံအိတ်ကျတဲ့သူတွေနဲ့ အတုံးတုံးအရုန်းရုန်းပဲ”လို့ သူကပြောပါတယ်။
မနေ့ကညမှာပဲ သေနတ်ပစ်ဖောက်နေစဉ်အတွင်း လူတွေထွက်ပြေးနေကြရပြီး တွေ့တဲ့အိမ် ၊ စျေးဆိုင်တွေမှာ ဝင်ရောက်ခိုလှုံရတဲ့ ရုပ်သံဖိိုင်တွေလည်း ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်းကို ဧပြီလကုန်က စတင်ပြီးတော့ စစ်တပ်ရဲ့ တပ်မ (၃၃) ဝင်ရောက်ခဲ့ပြီး ၅ လအကြာဖြစ်တဲ့ အခုအောက်တိုဘာလ တတိယအပတ်အတွင်းမှာ မြို့ကနေ ပြန်လည်ထွက်ခွာနေပြီဖြစ်တယ်လို့သိရပါတယ်။
စစ်တပ်က ထွက်ခွာသွားပေမယ့် မြို့နယ်အတွင်းကနေရာတချို့မှာတော့ စစ်တပ်က တပ်စွဲနေရာယူထားဆဲဖြစ်ပြီး KIA+PDF ပူးပေါင်းတပ်တွေနဲ့ ပစ်ခတ်မှုတွေလည်း မကြာခဏရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းက မှော်စီဇာကျေးရွာ၊ ဆန်းကြွယ်ကျေးရွာအထိ စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်ပြီး KIA+PDF တပ်ကလည်း ထိုကျေးရွာအနီးရှိ ဆိပ်မူကျေးရွာအုပ်စုကို ဆက်လက်ထိန်းချုပ်ထားနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ်အတွင်းက ကံဆီးကျေးရွာအနီးမှာရှိတဲ့ ကေအိုင်အေ ရင်း ၆ ကိုစစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီတပ်ရင်းကိုပဲ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
