


အောက်တိုဘာ ၃ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက ဗန်းမောက်မြို့မှာ NUG မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့ပြီးတဲ့နောက် စစ်ဘေးရှောင်တွေ အပါအဝင် လူထုတွေဟာ စားနပ်ရိက္ခာအခက်အခဲ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေကို ကြုံတွေ့နေရတယ်လို့ ရှမ်းနီအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
ရှမ်းနီအမျိုးသားညီညွှတ်ရေးအစည်းအရုံး(SNUA) က ဗန်းမောက်မြို့နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေဆဲတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၁၅၀၀ ကျော်ရှိနေပြီး သူတို့တွေအတွက် အကူအညီတွေလိုအပ်တယ်လို့ စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။
လူသားချင်းစာနာမှုအကူအညီအတွက် လက်ရှိမှာ စနစ်တကျထားရှိတဲ့ စစ်ရှောင်စခန်းမရှိတာ ၊ စားနပ်ရိက္ခာအခက်အခဲဖြစ်တာ ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေ မရှိတော့တဲ့ အခြေအနေတွေကို ခံစားနေကြရတယ်လို့ ဆိုထားပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက လူသားချင်းစာနာမှု အကူအညီအတွက် လုပ်ဆောင်နေသူတွေကို စစ်ရေးပစ်မှတ်ထား တိုက်ခိုက်ခံရမှုအတွက် ဆန့်ကျင်ရှုံ့ချကြောင်း (SNUA) က သဘောထားကြေညာချက်ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့က စစ်ဘေးရှောင်တွေကို သွားရောက်ကူညီတဲ့ မံစီကြီးဒေသစိပ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ အဖွဲ့ဝင် လူငယ် ဆေဝင်းဗိုလ်ဟာ ပင်ဟင်းခါးကျေးရွာမှာ Drop ဗုံးထိမှန်သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
ဗန်းမောက်မြို့ဟာ ၂၀၂၁ ခုနှစ်ကစလို့ ဆက်သွယ်ရေးများလိုင်းများပိတ်ပင်ခံခဲ့ရသလို ကုန်သွယ်ရေးအတွက်လည်း လမ်းပိုင်းများကို ကာလရှည်ကြာစွာပိတ်ပင်ခံရပြီး မြို့ပေါ်က လူထုတွေ ရိက္ခာဖြတ်တောက်ခံရတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ကြရတာလည်းဖြစ်တယ်။
ဗန်းမောက်မြို့နယ်အတွင်းက တိုက်ပွဲတွေမှာ စစ်ပွဲဆိုင်ရာစည်းမျဉ်းတွေကို သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့တွေက တင်းကြပ်ဖို့နဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတွေ မကျူးလွန်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြို့သိမ်းတိုက်ပွဲစတင်ခါနီးအချိန်မှာလည်း လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်ပေါ်စေနိုင်တဲ့ ရေးသားပြောဆိုမှုတွေဟာ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ စတင်ပေါ်ပေါက်ခဲ့ပြီး လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။
လက်ရှိမှာ လူမှုသဟဇာတပြန်လည်ဖြစ်ပေါ်လာရေးအတွက် ပညာပေးလုပ်ငန်းတွေကို အရေးပေါ် လုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဗန်းမောက်မြို့နယ်ဟာ ရှမ်းနီတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းနေထိုင်တဲ့ မြို့တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်ကစလို့ မြို့ပေါ်နဲ့ မြို့အနောက်ခြမ်းဒေသတွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ထိန်းချုပ်စိုးမိုးထားတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့အနီး တစ်မိုင်ဝန်းကျင်မှာ SNA နဲ့ KIA+PDF ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။