ဗန်းမောက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ တိုးများလာနေဆဲ 

အောက်တိုဘာ ၂၂ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်တွေဟာ တိုးများလာနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ဗန်းမောက်မြို့နဲ့ သုံးမိုင်ဝန်းကျင်အကွာက ကျေးရွာဒေသခံတွေဟာ စစ်ဘေးရှောင်စခန်းတွေဆီကို တိမ်းရှောင်ကြသလို တချို့လည်း တောတောင်ထဲ တိမ်းရှောင်ကြတာဖြစ်တယ်လို့သိရပါတယ်။ 

အခုရက်ပိုင်းမှာ တောတောင်ထဲကို စစ်ဘေးရှောင်နေတဲ့ စစ်ဘေးရှောင်နှစ်ရာကျော်ကို SNA တပ်မဟာ ၆၁၄ က ကူညီရွေ့ပြောင်းခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ 

ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေဆီကို တောတောင်ထဲမှာ တိမ်းရှောင်နေကြတဲ့ သခွက်သာ၊ ခိုနန်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင် နှစ်ရာကျော် ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ 

စစ်ရှောင်စခန်းတွေဆီကိုလည်းမရောက်၊ တောထဲ ဟိုပုန်းဒီပုန်းနဲ့နေတဲ့ သာမာန် ကတူးပြည်သူတွေကို စစ်ရှောင်စခန်းတွေဆီကို ခေါ်ခဲ့တယ်။ ဆေးဝါးကုသမှုတွေနဲ့ နေထိုင်စားသောက်ရေးစီစဉ်ပေးထားတယ်” လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်နေသူတစ်ဦးကပြောပါတယ်။ 

တောတောင်ထဲ တိမ်းရှောင်နေသူတွေထဲမှာ ရဟန်းသံဃာ ၇ ပါး ၊ ကလေးငယ် ၈၀ ဦးနီးပါး နဲ့ သက်ကြီးရွယ်အို ၂၀ နီးပါးပါဝင်တယ်လို့သိရပါတယ်။ 

စက်တင်ဘာလဝက်ကတည်းက တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ တစ်လပြည့်လာတဲ့အခါမှာ ဆေးဝါး နဲ့ စားသောက်နေထိုင်ရေးအကူအညီတွေလိုအပ်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွေမှာလည်း ရပ်ရွာနဲ့  ရှမ်းနီအမျိုးသားများတပ်မတော်က အဓိက ကူညီဆောင်ရွက်ပေးနေရပြီး တိုးများလာတဲ့အတွက်ကြောင့် အကူအညီတွေလိုအပ်တယ်လို့ သိရပါတယ်။ 

စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် မန္တလေးမြို့ရှိ ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများက စတင်ဆောင်ရွက်နေပြီး လာမယ့်ရက်ပိုင်းတွေအတွင်းမှာ သွားရောက်ကူညီနိုင်မယ်လို့ ကနဦးသိရပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့်  ခိုပြင်ကျေးရွာမှအိမ်ထောင်စု(၃၀)စု၊ ညောင်သာယာကျေး ရွာမှအိမ်ထောင်စု(၂၁)စု၊ သခွက်တာ ၊ ခိုနန်း ကျေးရွာများမှာ လူဦးရေ ၂၀၀ ကျော် ၊ ဗန်းမောက်မြို့ပေါ်နေ အိမ်ထောင်စု(၅၀၀)ကျော်တို့က စစ်ဘေးလွတ်ရာကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *