

ဇွန် ၂၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အနောက်ပိုင်း မံစီကြီးဒေသစိတ်မှာ ဇွန်လနှောင်းပိုင်းအတွင်း ငှက်ဖျားရောဂါကူးစက်မှု ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေဆီမှ လေ့လာသိရှိရပါတယ်။
လက်ရှိမှာ မံစီကြီးဒေသစိတ်တစ်ခုလုံးနီးပါး ငှက်ဖျားရောဂါကူးစက်ပျံ့နှံ့နေပြီး လက်ရှိအထိ ကူးစက်သူ (၂၆၀)ကျော်ရှိထားတယ်လို့ မံစီကြီးဒေသစိတ် ကျန်းမာရေးတာဝန်ခံကပြောပြပါတယ်။
“ ဖြစ်တာကတော့ မေ၊ ၂၀၂၅ စဝင်ကတည်းက စဖြစ်တာပါ။ အခု ဇွန်လတွင်းမှာ ပိုမိုဆိုးဝါးလာတာ တွေ့ရတယ်။ ၂၀၂၅ မေလကနေ ဇွန်လ(၁၃)ရက်နေ့ထိ Malaria positive/ p.v/ p.f/mixed infection ပိုးသုံးမျိုးလုံး ငှက်ဖျားပိုးတွေ့ရှိလူနာပေါင်း သက်ကြီး၊ သက်ငယ်၊ လသားကလေးများ ကျား/မ စုစုပေါင်း ၂၆၃ ဦး ရှိလာပြီဗျ”လို့ မံစီကြီးဒေသစိတ် SNA ရဲ့ ကျန်းမာရေးမှူး ဆရာကျော်က ရှမ်းနီအသံကို ပေးပို့ပြောပါတယ်။
ငှက်ဖျားကူးစက်သူဦးရေတွေဟာ တိုးများလာနေသလို ကူးစက်တဲ့ ငှက်ဖျားပိုးအမျိုးအစားကလည်း ပြင်းထန်တဲ့ပိုးအမျိုးအစားဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
လက်ရှိမှာ ငှက်ဖျားရောဂါကူးစက်မှု ပိုမိုးများပြားလာသည်နှင့်အမျှ ငှက်ဖျားရောဂါကုသဆေးဝါးတွေလည်း ဝယ်ယူရရှိမှုနှင့် သယ်ယူပို့ဆောင်မှုပိုင်းမှာ အခက်ခဲတွေရှိနေတာအပြင် ဒေသတွင်းမှာလည်း ငှက်ဖျားရောဂါကုသဆေးဝါး (Anti malaria drugs) တွေ ပြတ်လတ်နေတယ်လို့လည်း ဆိုပါတယ်။
ဗန်းမောက်မြို့နယ်တွင်း ငှက်ဖျားရောဂါကူးစက်မှုဟာ သက်ကြီး၊ သက်လတ်၊ လူငယ်လူရွယ် ကျားမ အရွယ်စုံ ဖြစ်ပွားနေကြပြီး ရဟန်းသံဃာတွေပါ ငှက်ဖျားကူးစက်ခံရသည်အထိ ဆိုးရွားစွာပျံ့နှံ့လာနေတာလည်းဖြစ်ပါတယ်။
ကျေးရွာ ၁၀ ရွာပါဝင်တဲ့ မံစီကြီးဒေသစိတ်အတွင်းက ငှက်ဖျားကူးစက်ပြီး အရေးပေါ်ဖြစ်တဲ့ လူနာတွေကိုတော့ ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံကိုလွှဲပြောင်း ကုသမှုတွေ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းမှာ ဗန်းမောက်မြို့နယ်ဟာ ငှက်ဖျားကူးစက်မှုအမြင့်ဆုံးစာရင်းထဲမှာပါဝင်နေပြီး ၂၀၁၅ ခုနှစ်ကနေ စတင်ပြီး စစ်ဆေးရာမှာ ၂၀၁၆ တွင် ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀)ကျော်၊၂၀၁၇တွင် (၂၀၀၀) ကျော်၊၂၀၁၈တွင်(၁၇၀၀) ကျော်၊ ၂၀၁၉တွင်(၈၀၀)ကျော်၊ ၂၀၂၀တွင် (၆၀၀)ကျော်နှင့် ၂၀၂၁ ဇွန်လ၁၀ရက်အထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရာ(၃၀၀)ကျော်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။