
အောက်တိုဘာ ၁၅ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်ရဲ့ အနောက်ခြမ်းရှိ ကြောင်လည်ကျေးရွာအနီးက ထုံးတောင်စခန်းကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က လက်လွှတ်လိုက်ရပြီး ရက်အနည်းငယ်အကြာမှာ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ကြောင်လည်ရွာအနီးက စခန်းကုန်းကို SNA ၆၁၄ ကပဲ မနေ့က ညနေ ၆ နာရီလောက်ပြန်သိမ်းပိုက်လိုက်ပြီ” လို့ ပင်ဟင်းခါးကျေးရွာခံတစ်ဦး ပြောပါတယ်။
SNA 614 ရဲ့ထုတ်ပြန်မှုအရ KIA+PDF တွေသိမ်းပိုက်ထားတဲ့စခန်းကုန်းပြန်လည်သိမ်းပိုက်မှုကနေ သေနတ် ၃ လက်နဲ့ စစ်ဝတ်ပစ္စည်း၊ ဆေးဝါးတချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကံကုန်းကျေးရွာအနီးက ကတူးအာမီရဲ့ တပ်စခန်းကုန်းတွေကို သိမ်းပိုက်ရရှိကြောင်းထုတ်ပြန်ထားပါသေးတယ်။
ဒါ့ပြင် ဗန်းမောက်မြို့နဲ့ကပ်လျက်ရှိနေတဲ့ နေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့ကို SNA က ပြန်လည်ထိန်းချုပ်ရေးအတွက် တန်ပြန်ထိုးစစ်တွေဆက်လုပ်နေပြီးလက်ရှိမှာ ဗန်းမောက်မြို့အနီးက နတလကျောင်းနဲ့ စက်တောကျေးရွာအနီးထိ တိုက်ပွဲတွေဖြစ်ပွားလာနေတာလို့သိရပါတယ်။
“ ငါကြားတာကတော့ နတလနားရောက်နေပြီ။ တစ်ဖက်ကလည်း စက်တော နားယကာ အထိရောက်နေပြီဆိုတော့ ဗန်းမောက်မြို့နဲ့ကပ်ခါလေး” လို့ ဗန်းမောက်စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။
ဗန်းမောက်မြို့ကနေ စစ်ဘေးတိမ်းရှောင်သွားသူတွေက စစ်ပွဲအခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ပြီး နေရပ်ကိုပြန်လိုကြတယ်လို့ ဆိုကြပါတယ်။
မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ဝန်းကျင်ဟာ ဗန်းမောက်မြို့နယ်ရဲ့အနောက်ဘက်တွေနဲ့ မြောက်ဘက်ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။