
ဇွန် ၁၉ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသရှိ ကျေးရွာ ၆ ရွာကို တစ်ရွာလျှင် တပ်သား ၁၀ ဦးပေးဖို့ ဇွန်လဆန်းပိုင်းမှာ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး တောင်းဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမောက်တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ နားလိမ်ကားကျေးရွာ၊ မံကင်းကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ဆယ်ကြီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ ၊ ပင့်စင်တဲကျေးရွာတို့ကို NUG ရဲ့ ဗန်းမောက်မြို့နယ် ပကဖ က တောင်းဆိုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
“ အစည်းအဝေးလုပ်ပြီးတော့ သူတို့တောင်းတာ တစ်ရွာကို ၁၀ ယောက်အထိပေးရမယ်။ရွာသားတွေကတော့ အဲ့ဒါကများလို့ မပေးနိုင်ဘူးလို့ပြန်ပြောတဲ့ဟာကို ပကဖ ခေါင်းဆောင် လင်းနိုင်က တစ်အိမ်တက်ဆင်းလိုက် ဆွဲမယ်ဆိုပြီး အစည်းအဝေးမှာပြောတာ” လို့ အမည်မဖော်လိုတဲ့ တောင်ပိုင်းဒေသခံတစ်ဦးက ပြောပြပါတယ်။
တပ်သားသစ်ကောက်ယူမှုတွေကို ယခင်က ရှိခဲ့ပေမယ့် အခုလို ဦးရေမများပဲ ညှိနှိုင်းမှုတွေပြုလုပ်လို့ရခဲ့တဲ့အခြေအနေတစ်ရပ်လို့ သိရပါတယ်။
အခုတစ်ကြိမ်မှာတော့ ညှိနှိုင်းလို့မရနိုင်တော့ဘဲ ဇွန်လကုန်ကို တပ်သားသစ်တွေ မပေးနိုင်ရင် ညအချိန်မှာ တစ်အိမ်တက်ဆင်း ဖမ်းဆီးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ အစည်းအဝေးတက်ခဲ့သူတစ်ဦးရဲ့ ပြောဆိုမှုအရ သိရပါတယ်။
ဗန်းမောက်တောင်ပိုင်းဒေသကို NUG ထိန်းချုပ်စိုးမိုးထားတာ နှစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီလည်းဖြစ်ပြီးတိုက်ပွဲလည်းမရှိတော့တဲ့အနေအထားလည်းဖြစ်ပါတယ်။
အခုလို ရုတ်တရက်တပ်သားသစ်တွေတောင်းဆိုမှုဟာ ဗန်းမောက်မြောက်ပိုင်းဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့လည်း ဆက်စပ်နိုင်ပြီး လူအင်အားလိုအပ်ချက်ကြောင့်လို့ ဒေသခံတချို့က ရှုမြင်နေကြပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့ပေါ်မှာလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေသလို မြို့နှင့် ၂ မိုင်အကွာဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပါတယ်။
ဗန်းမောက်မြို့နယ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အင်းတော်မြို့နယ်နဲ့ တောင်ပိုင်းဒေသမှာရှိတဲ့ ပင်လည်ဘူးမြို့နယ် တို့ကို NUG နဲ့ KIA+PDF ပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။