


အောက်တိုဘာ ၉ ၊ ဗန်းမောက်
ဗန်းမောက်မြို့နဲ့ အနီးက ကျေးရွာတွေဖြစ်တဲ့ စက်တော၊ နားယကာ ၊ ခမိုး စတဲ့ကျေးရွာတွေမှာ SNA နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြားမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ အခု ဗန်းမောက်မြို့အနီးမှာ စစ်ရေးက တော်တော်လေးတင်းမာနေတယ်။ SNA က စက်တောနဲ့ ခမိုးကို ရထားပြီ၊ မြို့နဲ့က သိပ်မဝေးတော့ဘူး” လို့ စစ်ဘေးရှောင်တစ်ဦးက ၎င်းသိရှိရတဲ့သတင်းကို ပြောပြပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဗန်းမောက်မြို့ပေါ်ကနေ ပင်ဟင်းခါးကျေးရွာအထိ တပ်ဆုတ်ခဲ့တဲ့ SNA က စက်တင်ဘာ ၂၇ ရက်နေ့မှာ တန်ပြန်ထိုးစစ်တစ်ရပ်ပြုလုပ်ခဲ့တာလို့သိရပါတယ်။
နှစ်ပတ်အတွင်းမှာ ရွှေကျောင်း၊ ခိုပြင်၊ ညောင်သာယာ၊ခမိုး ၊ အလယ်ရွာ၊ ကံရွာ စတဲ့ကျေးရွာတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။
မြို့အနီးမှာ တိုက်ပွဲတွေပြန်လည်တည်ငြိမ်နေပေမယ့် ဗန်းမောက်မြို့ရဲ့အနောက်ဘက်ခြမ်းဒေသဖြစ်တဲ့ ကြောင်လည်ကျေးရွာမှာလည်း မနေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ ကြောင်လည်ရွာမှာပစ်နေကြတယ်။ လက်နက်ကြီးသံတွေပဲ တအုန်းအုန်းတစ်နေတကုန်၊ ဒီနေ့လည်းမနက်ကတည်းက ချနေကြပြန်ပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဗန်းမောက်မြို့က မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၅ ထောင်နီးပါးဟာ ဗန်းမောက်မြို့နယ်အနောက်ဘက်ခြမ်း ၊ မြောက်ဘက်ခြမ်း နဲ့ နီးစပ်ရာ ဆွေမျိုးရှိတဲ့ကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေသလို ကျန်းမာရေးအတွက် ဆေးကုသမှုတွေလည်း လိုအပ်နေတယ်လို့ရှမ်းနီနဲ့ ကတူး အရပ်ဘက်အဖွဲ့အစည်းတွေကို အသိပေးထုတ်ပြန်ထားကြပါတယ်။