ဗန်းမောက်မြို့ပေါ်က စစ်ဘေးရှောင်တစ်ထောင်ကျော် မြို့အနောက်ဘက်ခြမ်းသို့ တိမ်းရှောင် 

စက်တင်ဘာ ၂၃ ၊ ဗန်းမောက် 

ဗန်းမောက်မြို့ပေါ်ကနေ  ရှမ်းနီအမျိုးသားများတပ်မတော် SNA က တပ်ဆုတ်ခွာပြီးတဲ့နောက် စစ်ဘေးရှောင်တစ်ထောင်ကျော်ဟာ မြို့အနောက်ဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသခံ ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းတွေဆီကနေသိရပါတယ်။ 

“ မြို့ပေါ်က လူထုတွေအားလုံးက SNA ထိန်းချုပ်တဲ့အနောက်ဘက်ကို ပါလာကြတယ်။ ဆရာတော်တွေအားလုံးကော ပြည်သူလူထုတွေကော ။ အခုက ဘုန်းကြီးကျောင်း စာသင်ကျောင်းမှာ နေရာချထားတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူ ဒေသခံရှမ်းနီလူငယ်တစ်ဦးက ပြောပါတယ်။ 

မြို့ပေါ်ဒေသခံ တစ်ထောင်ကျော်ဟာ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းကနေ စတင်ပြီး မြို့ကနေ တိမ်းရှောင်ထွက်ခွာခဲ့ကြတာလို့သိရပါတယ်။ 

ဗန်းမောက်မြို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ခဲ့တာဖြစ်ပြီး စက်တက်ဘာလ ၂၀ ရက်နေ့မှာ မြို့ပေါ်ရပ်ကွက်တွေထဲ SNA က တပ်ဆုတ်ပြီးနောက် မြို့သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့ပေါ်မှာ SNA က တပ်ရင်းတစ်ရင်းက  ၂၀၂၃  ခုနှစ်နှောင်းပိုင်းမှာ ဝင်ရောက်နေရာယူခဲ့ပြီး ကျန်းမာရေးနဲ့ ပညာရေးကို အဓိကဖော်ဆောင်ခဲ့တာလို့သိရပါတယ်။ 

မြို့သိမ်းတိုက်ပွဲမတိုင်ခင်အချိန်ထိ မြို့ပေါ်မှာ နေထိုင်နေသူ ထောင့်ငါးရာဝန်းကျင်သာရှိနေပြီး လက်ရှိမြို့သိမ်းတိုက်ပွဲကြောင့် မြို့နယ်အနောက်ဘက်ခြမ်းကို အားလုံးနီးပါးတိမ်းရှောင်ကြတာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ ရှမ်းနီတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းနေထိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပြီး မြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသ တွေကို KIA+PDF တွေက ၂၀၂၃ ခုနှစ်မှာ ထိန်းချုပ်စိုးမိုးထားကြတာလည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို ထိုးစစ်ဆင်သိမ်းပိုက်တဲ့ NUG ရဲ အမှတ် ၁ စစ်ဒေသကလည်း စက်တင်ဘာ ၂၂ ရက်နေ့မှာ မြို့ပေါ်ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြို့အတွင်းကလည်း တပ်ဆုတ်သွားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA က (၇)ဦးကျဆုံးခဲ့ပြီး PDF ပူးပေါင်းတပ်ဘက်က ၆ ဦးကျဆုံးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဗန်းမောက်မြို့အတွင်းကို စစ်ရှောင်တွေ ဝင်ထွက်ခွင့်မရသေးတဲ့အခြေအနေမှာပဲဆက်ရှိနေသေးကြောင်း စစ်ဘေးရှောင်များက ရှမ်းနီအသံကို ဆက်သွယ်ပြောဆိုနေကြဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *