
ဖေဖော်ဝါရီ (၁၈) ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့မှာ မြို့သိမ်းတိုက်ပွဲကြောင့် လူနေအိမ် နဲ့အဆောက်အဦးထိခိုက်ပျက်စီးမှု (၈၀) ရာခိုင်နှုန်းကျော်အထိရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
ဗန်းမောက်မြို့ကို လက်ရှိမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြန်လည်သိမ်းပိုက်ထားပြီး ငါးလကြာ မြို့သိမ်းတိုက်ပွဲကြောင့် ပျက်စီးမှု ကြီးကြီးမားမားရှိခဲ့တယ်လို့ မြို့တွင်းဝင်ရောက်ကြည့်ရှုခဲ့သူတွေက မှတ်ချက်ပြုကြပါတယ်။
“ ပျက်စီးမှုရာခိုင်နှုန်းအကုန်လုံးတွက်ကြည့်မယ်ဆိုရင် (၈၀) ရာခိုင်နှုန်းတောင်ကျော်အုံးမယ်။ လွှစင်ကုန်းရပ်ကွက်ဆို အကုန်လုံးနီးပါးပဲ အိမ်တွေပျက်တဲ့ဟာ၊ မပျက်ရင်လည်းဖောက်ခံထားရတယ်။ ဗန်းမောက်မြို့ရဲ့ အနောက်ဘက်ခြမ်းကိုသွားတဲ့ လမ်းကအိမ်တွေ ၊ ဟော်တည်တွေဆိုအကုန်ပျက်၊ ဘာမှမကျန်ဘူး။ အရှေ့ဘက် အင်းတော်သွားတဲ့လမ်းပိုင်းက အောင်သာကုန်းလောက်ပဲ ဘာမှမဖြစ်ပဲနေတာ” လို့ ဗန်းမောက်မြို့ထဲ ဝင်ရောက်ကြည့်ရှူခဲ့တဲ့ ရှမ်းနီစာပေယဉ်ကျေးမှုမှ လူငယ်တစ်ဦးက ပြောပြပါတယ်။
ဗန်းမောက်မြို့ပေါ်ရပ်ကွက် (၄) ခုမှာ နေအိမ် နှစ်ထောင်နီးပါးရှိနေပြီး ဒီထဲမှာ အိမ်ခြေတစ်ထောင်ကျော်ပျက်စီးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ ထွေအုပ် ၊ မြေတိုင်း ၊ ရဲစခန်း ၊ စီးပွားရေးဘဏ်၊ လယ်ဆည် ၊ မီးသတ်စတဲ့ ရုံးတွေအပြင် မြို့ပေါ်ရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးကျောင်း ၊ အခြေခံပညာ စာသင်ကျောင်းတွေလည်း ပျက်ဆီးခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေအရ သိရပါတယ်။
မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပေမယ့် ဒေသခံတွေ ဝင်ရောက်နေထိုင်ဖို့အတွက် မလွယ်ကူသေးဘူးလို့လည်း ဝင်ရောက်ကြည့်ရှုခဲ့သူက မှတ်ချက်ပြုပါတယ်။
စစ်ဘေးရှောင်တွေကလည်း နေအိမ်နဲ့ မြို့လုံးဝပျက်စီးသွားတာကြောင့် ဝင်ရောက်နေထိုင်နိုင်မယ့်အခြေအနေမရှိသေးဘူးလို့လည်း ပြောဆိုကြပါတယ်။
“ မြို့လည်းမဝင်နိုင်သေးဘူး။ မြို့ကို တော်တော်တန်တန်ဝင်ဖို့လည်း သုံးပုံနှစ်ပုံခွဲလောက်ပျက်စီးသွားတယ်။ ဒီနယ်မှာပဲ ရှာစားဖွေစားပြီးတော့မှပဲ ပြန်လည်တည်ထောင်ရမှာလေ။ ရှိတဲ့သူနည်းနည်း မရှိတဲ့သူကများများ ၊ ကိုယ့်ရဲ့အိမ်နေရာတွေကို ပစ္စည်းတွေကို ပြန်ကြည့်ပြန်၊ ခေတ်ကာလတွေ ၊ နိုင်ငံရေးတွေကောင်းပြီဆိုတော့မှပဲ ပြန်လည်တည်ဆောက်ရတော့မှာပဲလေ။ အခုချိန်ကာလမှ ဆောက်လို့ရမှာမဟုတ်ဘူး။စိုးတစိတ်စိတ်နဲ့ ၊ ပြန်ကြမယ့်သူတွေလည်းမရှိဘူး။ ဗန်းမောက်ကို ဝင်ပြီးနေကြမယ့်သူတွေက ရှားတာပေါ့။ မြို့ကလည်း မြို့ပျက်ကြီးဖြစ်သွားပြီလေ” လို့ စစ်ဘေးရှောင်နေသူ တစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီဟာ ဗန်းမောက်မြို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအသီးသီးဆီကို တိမ်းရှောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဟာ ထောက်ပံ့ကူညီမယ့်သူတွေ နည်းပါးတာကြောင့် တိမ်းရှောင်ရာအရပ်ဒေသမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကိုင်ရှာဖွေစားသောက်နေကြရတာလို့ ပြောဆိုကြပါတယ်။
ဗန်းမောက်မြို့ကို (၂၀၂၅) ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ( NUG )လက်အောက်ရှိ (PDF) တပ်ဖွဲ့များနဲ့ (KIA+PDF )ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ငါးလအကြာ (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလမှာ (SNA )က ပြန်လည်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
