ဗန်းမောက်-ဟုမ္မလင်း ကုန်စည်စီးဆင်းမှုအတွက်အရေးပါတဲ့  ချောင်းကြီးချောင်း ရေကြီးရေလျှံမှုဖြစ်ပွားနေ

ဇူလိုင် ၇ ၊​ ဗန်းမောက် 

ဗန်းမောက် – ဟုမ္မလင်း ရဲ့အဓိကကုန်စည်နှင့် စက်သုံးဆီများ ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါတဲ့ ချောင်းကြီးချောင်းရေဟာ ​ဇူလိုင် ၇  ညပိုင်းကစလို့ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

“ ပစ္စည်းတွေ တန်းထိုးပြီး အမိုးပေါ်တင်ထားတယ် ။ ခေါင်အမိုး ထုတ်တန်းပေါ်တင်ထားတာ။ အရင်က ကုန်တင်ကုန်ချကားကြီးဝင်းပဲ အဲ့ဒါ ခု လှေတွေပြည့်နေပြီ။  စက်လှေ ညက သုံးစီးရေမြှုပ်တယ်။ ရေတက်တာ မသိလိုက်ကြဘူး ။ တောင်ကြရေဆိုတာ အတက်မြန်လို့” လို့ စက်လှေပိုင်ရှင်တစ်ဦးက ပြောပါတယ်။ 

ရေကြီးရေလျှံမှုကြောင့် စက်လှေဂိတ်တွေကို ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်မဟာ ၆၁၄ က ပိတ်လိုက်ပြီး စက်လှေဂိတ်၊ ရွှေတော်စျေးတန်းနဲ့ မြစ်ကမ်းနားနေထိုင်သူတွေကိုအရေးပေါ် ရွေ့ပြောင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

ဒီလိုရေကြီးရေလျှံမှုတွေကြောင့် စက်လှေသုံးစီးနှစ်မြှုပ်ထားသလို  ကမ်းဘေးမှာရှိတဲ့ ကုန်စည်တွေကို အရေးပေါ်ရွေ့ပြောင်းနေရတယ်လို့ စက်လှေပိုင်ရှင်တွေက ပြောပါတယ်။ 

ရေကြီးမှုကြောင့် စက်လှေပြေးဆွဲမှု ပိတ်ပင်လိုက်တာကြောင့်  ကုန်စည်စီးဆင်းမှုတွေ ခေတ္တရပ်တန့်နေတာလည်းဖြစ်တယ်လို့ သိရပါတယ်။ 

ချောင်းကြီးချောင်းကို ၂၀၂၂ ခုနှစ်မှစပြီး  မိုးရာသီမှာ ကုန်စည်တွေနဲ့ ခရီးသွားတွေအတွက်  တွင်တွင်ကျယ်ကျယ်အသုံးပြုလာနေရတဲ့ချောင်းတစ်ခုဖြစ်ပါတယ်။ 

ချောင်းကြီးချောင်းနည်းတူ ဟုမ္မလင်းမြို့နယ်အတွင်းက ဥရုမြစ်နဲ့  ချင်းတွင်းမြစ်တို့လည်း စိုးရိမ်ရေအမတ်တွေနားကပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *