
ဒီဇင်ဘာ ၂၈ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်နဲ့ ကောလင်းမြို့နယ် အပါအဝင် မြို့နယ်တချို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်တော့ကြောင်း မနေ့ည ဒီဇင်ဘာ (၂၇)ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာလာပါတယ်။
ဗန်းမောက်မြို့ဟာ လက်ရှိမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မြို့တစ်ဝက်ကိုထိန်းချုပ်ထားဆဲဖြစ်ပြီးတော့ တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲဖြစ်ပါတယ်။
ကောလင်းမြို့ကိုတော့ စစ်တပ်က ထိန်းချုပ်ထားပေမယ့် အုပ်ချုပ်ရေးယန္တရားတွေကို မလည်ပတ်နိုင်တဲ့အခြေအနေဖြစ်သလို စစ်ရေးတင်းမာနေတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ့်မြို့နယ် ၂၅ မြို့နယ်ရှိပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော် ၊ ဗန်းမောက် ၊ ကောလင်း ၊ ထီးချိုင့်၊ ပင်လည်ဘူး၊ မြောင် မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်မှာမဟုတ်ကြောင်းသိရပါတယ်။
ဗန်းမောက် ၊အင်းတော် နဲ့ ပင်လည်ဘူးမြို့တွေကို NUG နဲ့ KIA တို့က ၂၀၂၄ ၊ ၂၀၂၅ ခုနှစ်အတွင်းမှာ သိမ်းပိုက်ထားတာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ မြို့နယ်တွေကတော့ ချင်းပြည်နယ်ထဲက တွန်းဇံ ၊ ဖလမ်း ၊ထန်လန် ၊ ရခိုင်ပြည်နယ်ထဲက အမ်း ၊ သံတွဲ၊ ဂွ ၊တောင်ကုတ် နဲ့ စစ်ကိုင်းတိုင်းက ကောလင်း နဲ့ ဗန်းမောက်မြို့နယ်တို့ပဲဖြစ်ပါတယ်။
ဒီမြို့နယ်တွေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေမရှိထားသလို တိုက်ပွဲတွေ မကြာခနဆိုသလို အစဉ်တစိုက်ဖြစ်ပွားနေတဲ့မြို့နယ်တွေပဲဖြစ်ပါတယ်။
