
ဖေဖော်ဝါရီ ၁၉ ၊ ပုလဲ
ယင်းမာပင်ခရိုင် ပကဖ က BNRA ထုတ်ပေးထားတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားသူတွေအနေနဲ့ လက်နက်အပ်ဖို့အတွက် အမိန့်ကြေညာချက်တစ်ခုကို ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။
နီးစပ်ရာ ပကဖတွေထံကို လက်နက်အပ်လို့ရပြီး ပေါင်နှံရောင်းချတာ ၊ ဖျောက်ဖျက်တာတွေ ၊ ဖျက်ဆီးတာတွေမလုပ်ဖို့နဲ့ စစ်ဆေးပေါ်ပေါက်ရင် ပြင်းထန်စွာအရေးယူခံရမယ်လို့ ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးဟာ မနေ့က ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်ထံကို လက်နက်ချ အလင်းဝင်ရောက်သွားခဲ့ပါတယ်။
ဗိုလ်နဂါးက စစ်တပ်ထံကို အခုလိုဝင်ရောက်သွားတဲ့သတင်းအပေါ် မနေ့ညက စလို့ ဝေဖန်မှုတွေမြင့်တက်နေသလို တစ်ဖက်မှာလည်း ပုလဲမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ သတိထားဖို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။
သေနတ် ၆ လက်နဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် ဗိုလ်နဂါးဟာ သူ့မိသားစုတွေနဲ့အတူ ဝင်ရောက်ခဲ့ကြောင်းကို စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
အခုလို လက်နက်ကချအလင်းမဝင်ခင် တစ်ရက်အလိုပါ BNRA ရဲ့တပ်စခန်းတွေကို NUG ရဲ့ ပကဖ တပ်တွေက လက်နက်ကြီး၊ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ဗိုလ်နဂါးကဆိုပါတယ်။
NUG ရဲ့ တပ်တွေဝင်ရောက်တိုက်ခိုက်တာဟာ BNRA ရဲ့ခေါင်းဆောင်အပါအဝင် ဗိုလ်နဂါးနဲ့ သူ့တပ်တွေကျူးလွန်ထားတဲ့ အမှုတွေကို စစ်ဆေးဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မနေ့ညက အရေးပေါ်ထုတ်ပြန်ချက်တစ်စောင် NUG ကထုတ်ပြန်ခဲ့ပါတယ်။
သက်ငယ်မုဒိန်းမှု၊ ဆင်သတ်ဖြတ်မှု၊ NUG ရဲ့ ရဲဘော်တွေကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု ၊ ပစ်ခတ်သတ်ဖြတ်မှုစတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ NUG ဆိုပါတယ်။
ဒီပြစ်မှုတွေကို စစ်ဆေးဖို့အတွက် လုပ်ဆောင်ရာမှာ ဗိုလ်နဂါးအနေနဲ့ လွှဲပြောင်းပေးအပ်ခြင်းမရှိတာကြောင့် ပကဖ ဝင်ရောက်ဖမ်းဆီးရာမှာ ပစ်တ်မှုတွေဖြစ်ပြီးတော့ တချို့ကို ဖမ်းဆီးနိုင်ခဲ့သလို BNRA တပ်သား ၁၅၀ ဝန်းကျင်စာလည်း လက်နက်ချ ပူးပေါင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။
