

ဇူလိုင် ၁၇ ၊ ကောလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာ ၊ ရွှေဘို-မြစ်ကြီးနားလမ်းမှာ ဒီဇယ်တွေတင်ဆောင်ထားတဲ့ ဆီဘောက်ဆာကားတွေ မီလောင်ပျက်ခဲ့ရတယ်လို့စံစမ်းသိရှိရပါတယ်။
ဒိုးပင်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေဖြစ်ပြီး စစ်ကောင်စီက ဇူလိုင်လ ၁၄ ရက်နေ့မှာ တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆီဘောက်ဆာကားကိုထိမှန်ပြီးမီးလောင်ခဲ့တာလို့ ဒေသခံများထံစုံစမ်းသိရှိရပါတယ်။
“ အေး လေယာဥ်နဲ့လာပြီးဗုံးကြဲတော့ အဲ့ကြဲတဲ့နေရာမှာ ဘောက်ဆာကြီးတစ်စီးကရှိတယ်၊ အဲပေါက်ဆာကြီးမီးလောင်သွားတာဖြစ်တယ်။လူအသေအပျောက်တော့မရှိဘူး ဘောက်ဆာကြီးမီးလောင်တာ တစ်စီးလို့ပြောတယ်။ ဒိုးပင်ရွာရဲ့ တောင်ဘက်လောက်မှာ တစ်မိုင်၀န်းကျင်မိန်းလမ်းပေါ်မိန်းလမ်းဘေး“ ဖြစ်တယ် လို့ ကောလင်းမှစစ်ဘေးရှောင်တစ်ဦးကအခုလို့ပြောပြပါတယ်။
စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ တပ်စခန်းနဲ့ တရားမဝင် စက်သုံးဆီများသယ်ဆောင်တဲ့ နေရာတွေကို ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အနီးနားမှာရှိတဲ့ အရပ်သား ၄ ဦးထိခိုက်ခဲ့ပြီး အမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦးပါဝင်ကာ အဲ့ဒီထဲက တစ်ဦးက ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။
ဒီလမ်းပိုင်းဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းအတွက် အဓိကလိုအပ်တဲ့ စက်သုံးဆီတွေကို တင်ပို့နေတဲ့လမ်းပိုင်းဖြစ်ပါတယ်။
စက်သုံးဆီတင်ပို့မှုတွေကို စစ်ကောင်စီက မြစ်ကြီးနားမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်အားလုံးကို ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။
ပစ်ခတ်ခံရတဲ့ ဒိုးပင်ကျေးရွာဟာ ကောလင်းမြို့နယ်အဆုံးဖြစ်ပြီး ထီးချို့မြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆက်ရွာလည်းဖြစ်ပါတယ်။
