




ဒီဇင်ဘာ ၂၈ ၊ မန္တလေး
ရွေးကောက်ပွဲကျင်းပဖို့ နာရီပိုင်းအလို ယနေ့မနက်အစောပိုင်းနဲ့ မနေ့က ညပိုင်းအချိန်တွေမှာ မန္တလေး ၊ မြဝတီမြို့အပါအဝင် ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ်တချို့မှာ တိုက်ခိုက်ခံရမှုတွေနဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
မန္တလေးမြို့မှာလည်း နန်းတွင်းထဲမှာ ရှော့တိုက်ဒုန်းကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ဒီနေ့မနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
“ စစ်ကိုင်းဘက်ကနေ လုပ်တာပေါ့နော် ၊ ရှော့တိုက်ဒုန်းလေးလုံး ၊ တစ်လုံးကတော့ ကျွန်းထဲမှာကျတဲ့အတွက် အထိအခိုက်မရှိဘူး။ တစ်လုံးကတော့ ကျွန်တော်တို့ထဲ ကျတဲ့အတွက် အထိအခိုက်ရှိပါတယ်။ စိတ်မကောင်းပါဘူး။ မနက် ၁ နာရီခွဲလောက်ဖြစ်တာ ၊ ( ရွေးကောက်ပွဲ)ကို မထိခိုက်ဘူး။ လုံခြုံရေးအပြည့်ယူထားတယ်” လို့ သူက သတင်းထောက်တွေကိုပြောပြထာတာပါ။
အလားတူ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာလည်း ဒရုံးဗုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီး (၁)သေဆုံးပြီး ကြံ့ခိုင်ရေးပါတီဝင် (၂) ဦးနဲ့ ရုံးလုံခြုံရေး(၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ကြံ့ခိုင်ရေးရုံးအနီးမှာ ရပ်ထားတဲ့ မော်တော်ယာဉ်တွေ ၊ လူနေအိမ်အအောက်အဦးတွေနဲ့ ဆိုင်ခန်းများ ဗုံးစထိမှန်ပြီး ထိခိုက်ပျက်စီး မှုများရှိခဲ့တယ်လို့ မြို့ပေါ်ဒေသခံများက ဆိုကြပါတယ်။
“ ကြံ့ခိုင်ရေးရုံး ၊မြဝတီပြည့်ခိုင်ဖြိုးလမ်းထိပ်မှာပဲ ပစ်ချတာမှားသွားတာနေမှာပေါ့ ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်း နေအိမ်တွေသွားထိတယ် ၁၀ လုံးတောင်”လို့ မြဝတီမြို့ရှိ ဒေသခံတစ်ဦးကပြောပြပါတယ်။
ဒီဖြစ်ရပ်မှာ မနေ့က ဒီဇင်ဘာ (၂၇ )ရက် ည၈နာရီ မိနစ် ၄၀ လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းမကြီးပေါ်ရှိ ကြံ့ခိုင်ရေးရုံးအပါအဝင် နေရာ ၄ ခုတွင် ဒရုန်းဗုံး (၅) လုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်ရက်တည်းမှာပဲ ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) တံတားအနီးက ရေပူလမ်းဆုံမီးပွိုင့်ပတ်ဝန်းကျင်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွါးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ များရှိတယ်လို့သိရပါတယ်။
ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီနေ့မှာပဲ တခြားသော ဒေသတွေမှာလည်း တိုက်ခိုက်ခံရမှုတွေရှိနေပြီး စာရင်းတွေပြုစုနေဆဲဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ စစ်ကိုင်းတိုင်းက ရွှေဘိုမြို့မှာလည်း (No Vote Campaign) မဲမထည့်ကမ်ပိန်းတွေပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။
