
အောက်တိုဘာ ၁၀ ၊ နေပြည်တော်
မြန်မာနိုင်ငံကို တစ်ရက်တာခရီးစဉ်လာရောက်တဲ့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လာမယ့်ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်မယ်လို့ ဆိုကြောင်း သိရပါတယ်။
၂၀၂၅ ခုနှစ်ရဲ့ အလှည့်ကျ အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ အောက်တိုဘာလ ၉ ရက်နေ့မှာ နေပြည်တော်ကို နေ့ချင်းပြန်လာရောက်ပြီး စစ်ကော်မရှင်ဥက္ကဌနဲ့တွေ့ဆုံခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ တစ်ရက်တာခရီးစဉ်အတွင်းမှာ ဒီဇင်ဘာမှကျင်းပမယ့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ဖို့အတွက် ဆွေးနွေးခဲ့ကြသလို မြန်မာ့နိုင်ငံရဲ့ဆောင်ရွက်နေမှုကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မလေးရှားက ဆိုကြောင်း စစ်ကော်မရှင်က တွေ့ဆုံမှုဆွေးနွေးချက်တွေကို ထုတ်ပြန်ပါတယ်။
“မြန်မာနိုင်ငံက လာမယ့် ရွေးကောက်ပွဲအကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်” လို့ သောကြာနေ့မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လူမှကွန်ရက်စာမျက်နှာ Facebook တွင် ရေးသားထားပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ အလုပ်သဘော ခရီးစဉ်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် အာဆီယံ သဘာပတိအဖြစ် နိုင်ငံခြားရေးဝန်ကြီး၏ စွမ်းဆောင်ရည်နဲ့ ဆောင်ရွက်ခဲ့ကြောင်း မိုဟာမက်ဟာဆန် ပြောဆိုထားပါတယ်။
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အဓိပ္ပါယ်ရှိစွာ အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီး အထူးသဖြင့်အကြမ်းဖက်မှုတွေကို ရပ်တန့်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေတိုးမြှင့်ပေးဖို့အတွက် မြန်မာရောက်မလေးရှားဝန်ကြီးက အလေးပေးပြောဆိုခဲ့ပါတယ်။
အခုရက်သတ္တပတ်အတွင်းမှာ တော်လှန်ရေးတပ်တွေရဲ့ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုမြင့်တက်နေတဲ့ကာလဖြစ်ပြီး သေဆုံးသူ ဆယ်နဲ့ချီရှိနေတာလည်းဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ UEC (ရွေးကောက်ပွဲကော်မရှင်) က ထုတ်ပြန်ထားပါတယ်။