
ဇူလိုင် ၈ ၊ မိုးကုတ်
တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ ရှမ်းမြောက်က ကျောက်မဲမြို့တို့ကို စစ်ကောင်စီက ဒီနေ့မနက်ပိုင်း တစ်ချိန်တည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်း ၉ နာရီကျော်အချိန်မှာ မိုးကုတ်မြို့ အနောက်ဘက်ပိုင်းရှိ ဂေါင်းဦးဘာရပ်ကွက်က နေအိမ်တချို့အပေါ် ပေါင် ၅၀၀ ဗုံး တစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့ ဗုံးဟာ နေအိမ်နဲ့ ဘော်ဒါဆောင်အနီးတို့ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ဦး နဲ့အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ််လို့ TNLA က ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် မိုးကုတ်မြို့ပေါ်ရှိ တစ်ခုတည်းသော ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတဲ့အခြေအနေတစ်ရပ်လည်း ဖြစ်နေတယ်လို့ သိရပါတယ်။
” ဂေါင်းဦးဘာ၊ အနောက်ပိုင်းမှာ ၊ ကျောင်းတက်တဲ့အချိန်ကြီးကိုလေချတာ၊ ကျောင်းကဖွင့်တယ်။ ဗုံးလာချရင်ပိတ်လိုက်တယ်လေအဲ့လို၊ အခုက ကျောင်းဖွင့်တုန်းပဲရှိသေးတယ်ချတာက” လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မိုးကုတ်မြို့ အရှေ့ဘက်နဲ့ မိုင်လေးဆယ်အကွာက ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းကို ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ထိုသို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့က နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့သလို ကျောက်မဲမြို့က နေအိမ် ၇ လုံးဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။
စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ ကျောက်မဲ နဲ့ သီပေါမြို့တို့ကို ပြီးခဲ့တဲ့ ဇွန်လမှာ လေကြောင်းမှ ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပြီး စစ်ရေးတိုက်ခိုက်မှုပြင်းထန်တဲ့ နောင်ချိုမြို့နယ်မှာတော့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေတဲ့အခြေအနေဖြစ်ကြောင်း TNLA ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။
လက်ရှိ TNLA နဲ့ စစ်ကောင်စီတပ်တို့ဟာ နောင်ချိုမြို့အနီးက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားလာနေပြီး TNLA က နောင်ချိုမြို့လက်မလွတ်ရရေးအတွက် မဟာမိတ်တပ်၊ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဝင်နေတယ်လို့ ပြောဆိုထားပါတယ်။