မိုးကုတ်မြို့ကိုနှစ်ရက်ဆက်လေကြောင်းမှဗုံးကြဲမှုကြောင့်သေဆုံးသူ၅ဦးရှိပြီး၁၆ဦးထိခိုက်ဒဏ်ရာရ

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရသည့်မြင်ကွင်း

ဇူလိုင် ၁၀ ၊ မိုးကုတ် 

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ပေါ်ရပ်ကွက်တွေဆီကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု နှစ်ရက်ဆက်ပြုလုပ်ခဲ့ပြီး ကလေးငယ်အပါဝင် သေဆုံးသူ ၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးအထိ ရှိခဲ့တယ်လို့  TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။ 

ဇူလိုင်လ ၉ ရက်နေ့ည ၈ နာရီ  ၅ မိနစ်အချိန်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ မိုးကုတ်မြို့ ကသည်းရပ်  ပန်းမထိပ်ရပ်ကွက်ထဲကို ဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦးထိခိုက်သေဆုံးခဲ့တယ်လို့  TNLA က ဆိုပါတယ်။ 

“ ခုနလေးတင်ပဲ ၈ နာရီ ၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လာချသွားတယ်။ မိုးကလည်း ရွာနေတော့ အသံက အိမ်အထိတောင်ကြားရတယ်။​ လေယာဉ်လာတယ်လို့ အသံပဲကြားရသေးတယ်​ ပေါက်ကွဲတာဗုံးကချသွားပြီဆိုတော့ ဘယ်လိုပြေးလို့လွတ်မှာလဲ အခုက တအားမြန်တယ်” လို့ မိုးကုတ်ဒေသခံတစ်ဦးကပြောပါတယ်။ 

မနေ့ညက ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အတွင်းအိပ်နေတဲ့ ကလေးငယ် ၂ သေဆုံးခဲ့ပြီး နောက်ထပ် ကလေးငယ်နှစ်ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးတို့လည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ မနနက်အစောပိုင်းမှာ မိုးကုတ်မြို့အနောက်ပိုင်းရပ် ဂေါင်းဦးဘာရပ်ကွက်မှာ လေကြောင်းက နေ ပေါင် ၅၀၀ ဗုံးနဲ့ကြဲချခံရတာကြောင့် ၃ ဦးထိခိုက်သေဆုံးခဲ့ပြီး အရပ်သား ၈ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

မိုးကုတ်မြို့အတွင်း ယခင်က ဗုံးကြဲတိုက်ခိုက်ခံရမှုတွေဟာ ကျောက်တူးဖော်ရေးလုပ်ကွက်တွေရှိတဲ့နေရာတွေမှသာ အဓိကဖြစ်ပွားခဲ့ပြီး အခုနောက်ပိုင်းတိုက်ခိုက်မှုတွေမှာတော့ ရပ်ကွက်အတွင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

အခုလိုတိုက်ခိုက်ခံရမှုတွေကြောင့် TNLA နဲ့ PDF တပ်သားတွေအနေနဲ့ လူထုအတွင်း ဝင်ရောက်ရောနှောနေထိုင်မှုတွေကို ရှောင်ရှားသင့်တယ်လို့ ဒေသခံတွေကြားပြောဆိုမှုတွေရှိနေပါတယ်။​

မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းမှာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်လနီးပါးအကြာမှာပဲ မိုးကုတ်မြို့အလုံးစုံကို TNLA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ မိုးကုတ်မြို့ကို TNLA က အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို လည်ပတ်နေတယ်လို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *