မိုးကုတ်-မန္တလေးလမ်းကိုစစ်တပ်ထိန်းချုပ်ပြီးလမ်းပိုင်းပြန်ဖွင့်

ဇန်နဝါရီ ၂၁ ၊ မိုးကုတ် 

မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်က ကျောက်လည်းဘိီး ၊ ရွှေညောင်ပင် စတဲ့ ကျေးရွာကြီးတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီး ရက်ပိုင်းအကြာမှာဘဲ လမ်းပိုင်းတွေကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

မိုးကုတ်မှ မန္တလေးသွားလမ်း လမ်းဟောင်းဖြစ်တဲ့  သပိတ်ကျင်း ၊ စဉ့်ကူး ၊ မတ္တရာလမ်းတစ်လျှောက်ကို ဒီနေ့ကစလို့ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။ 

“ လမ်းပိုင်းတွေပြန်ဖွင့်သွားတာတော့ပြောနေကြတယ်။ တက်လာတဲ့ကားကိုကြည့်ရမှာ။ ဒီဘက်ကနေ ဆင်းသွားတဲ့ကားကတော့ မရှိသေးဘူး။ တက်လာမယ့်သူလည်း တက်ရဲပါ့မလားဆိုတာကိုစောင့်ကြည့်ရမယ်။ ပွင့်သွားတာကတော့သေချာတယ်၊ ကားခတွေကတော့ မလျော့ဘူး” လို့ မိုးကုတ်ဒေသခံတစ်ဦးက ဆိုပါတယ်။ 

စစ်တပ်က မနေ့က ဇန်နဝါရီလ (၂၀) ရက်နေ့မှာ မိုးကုတ်လမ်းပိုင်းပေါ်က ရွှေညောင်ပင် ၊ မလဲပေါက်ကျေးရွာတွေကို စစ်ကြောင်းတွေရောက်ရှိပြီး ဒေသခံတွေကြိုဆိုကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒီလိုရောက်ရှိတာနဲ့တပြိုင်တည်းမှာ ကုန်စည်တင်ထားတဲ့ ကုန်ကားတွေလည်း မိုးကုတ်မြို့အတွင်းကို ဝင်ရောက်လာကြောင်းဆိုထားပါတယ်။ 

မိုးကုတ်ကို ယမန်နေ့ကလည်း အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နိုင်ဖို့အတွက် ဝန်ထမ်းတွေ ပထမဆုံးအသုတ်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီရက်ပိုင်းမှာလည်း နောက်ထပ် ဒုတိယတစ်သုတ်အဖြစ် ဝန်ထမ်းတွေရောက်ရှိသွားမှာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *