မိုးကောင်း မြို့ဟောင်းကျေးရွာမှာ ဒေသခံတစ်ဦးနွားပျောက်ရှာရင်း မိုင်းနင်းမိ

စက်တင်ဘာ ၂၃ ၊ မိုးကောင်း 

မိုးကောင်းမြို့နယ်ရှိ (၈)မိုင် မြို့ဟောင်းကျေးရွာမှာ မနေ့ကစက်တင်ဘာလ(၂၃)ရက်နေ့မှာ  ဒေသခံအမျိုးသားတစ်ဦး နွားပျောက်ရှာဖွေရင်း မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ခဲ့သူများထံမှ သိရပါတယ်။

“ ဒေသခံပဲ သူနွားပျောက်လို့ ရာဘာခြံဘက်မှာသွားရှာရင်းနဲ့  ထိတာ မိုင်းကတော့မိုင်းအဟောင်းလို့တော့သူပြောသံတော့ကြားလိုက်တယ် အတိအကျတော့မသိဘူး စိုးရိမ်ရတဲ့အနေအထားတော့ရှိတယ်” လို့ ကူညီခဲ့သူ မိုးကောင်းမြို့ရှိ လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

ကျေးရွာအနီးက တောစပ်ရာဘာခြံတစ်ခုမှာ မြှုပ်ထားတဲ့မိုင်းကို နင်းမိတာဖြစ်ပြီး ဘယ်ဘက်ခြေထောက်ဆိုးဝါးစွာထိခိုက်ခဲ့သလို ခန္တာကိုယ်အနှံ့အပြားတစ်ခုလုံးကိုလည်း မိုင်းစများထိမှန်ခဲ့ကြောင်း သိရပါတယ်။

“အဓိကထိတာတော့ဘယ်ဘက်ခြေထောက်ကိုထိတာ ဒါပေမယ့်မိုင်းဖြစ်တဲ့အတွက် စင်တာတွေကတော့ တစ်ကိုယ်လုံးနီးပါးစင်ထားတာ အဓိကက သူသွေးပေါင်တွေထိုးကျနေတာ သွေးပေါင်တွေတက်မလာဘူး” ဟု ဆက်ပြောပြပါတယ်။

ထိခိုက်ခဲ့သူမှာ အသက်(၄၅)နှစ်အရွယ် မြို့ဟောင်းကျေးရွာသားတစ်ဦးဖြစ်ပြီး  ၎င်းကို မိုးကောင်းမြို့ပြည်သူ့ဆေးရုံကြီးကနေ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

 ဒီမိုင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းထောင်ထားကြောင်းကိုတော့ မသိရှိရပါဘူး။

အလားတူ ၂၀၂၂ ခုနှစ် မိုးညှင်းမြို့နယ်ရှိ မြိုင်ကျေးရွာတွင် ဟင်းပြင်းရှာဖွေရင်း အမျိုးသမီးတစ်ဦး အခုလိုမိုင်းနင်းမိခဲ့ဖူးခဲ့ပါတယ်။

မိုးကောင်းမြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF ပူးပေါင်းတစ်ချို့လည်းလှုပ်ရှားမှုရှိပြီး ရှမ်းနီအမျိုးသားများတပ်မတော်(SNA)  အဖွဲ့များလည်း စိုးမိုးမှုရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *