မိုးညှင်းမြို့နယ်မှာ နိုဝင်ဘာတစ်လအတွင်း ဘိန်းစိမ်း ကျပ်သိန်း(၂၀၀)နီးပါး ဖမ်းဆီးရမိ 

ဒီဇင်ဘာ ၃ ၊ မိုးညှင်း 

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် ၊ နန့်စီးအောင်စစ်ဆေးရေးဂိတ်ကနေ နိုဝင်ဘာလတစ်လအတွင်း ဘိန်းစိမ်း ကျပ်(၁၉၂)သိန်းဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးသတင်းတွေကို ဖော်ပြနေတဲ့ CCDAC Myanmarရဲ့စာရင်းတွေအရ သိရပါတယ်။

နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျပ်သိန်း(၁၂၀)တန်ဖိုးရှိတဲ့ ဘိန်းစိမ်း(၁၀)ကီလိုကိုလည်းကောင်း၊ နိုဝင်ဘာလ(၁၉)ရက်နေ့မှာ ကျပ်(၇၂)သိန်း တန်ဖိုးရှိတဲ့ ဘိန်းစိမ်း(၆)ကီလိုတို့ကိုလည်းကောင်း တွေ့ရှိရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဘိန်းစိမ်းသယ်ဆောင်လာသူတွေက အမျိုးသမီးများသာဖြစ်ပြီး မကြိုင်(၃၆)နှစ်၊မခင်ဖြိုးဝေ(၂၆)နှစ်၊ မယွန်းစံပယ်(၂၉)နှစ်နဲ့မစက်ကြည်(၆၅)နှစ်တို့ဖြစ်ကာ  ၎င်းတို့စုစုပေါင်း(၄)ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အဆိုပါနန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ ယခုနှစ်(၂၀၂၅ )ခုနှစ် ဇွန်လကုန်ပိုင်းအထိ ၄၉၄ .၄ သိန်းတန်ဖိုးရှိတဲ့  ဘိန်းစိမ်း(၄၁)ကီလိုကျော် ဖမ်းဆီးရမိထားပြီးဖြစ်တာကို CCDAC Myanmar ရဲ့ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

မိုးညှင်းမြို့နယ်အတွင်းကို ဘိန်းစိမ်းအပါအဝင် တရားမဝင်မူးယစ်ဆေးဝါးခိုးယူသယ်ယူမှုတွေဟာ ယခုနှစ်ပိုင်းတွေမှာ အဆမတန်များပြားလာပြီး မြို့နယ်အတွင်းမှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူသိသိသာသာတိုးများလာနေပါတယ်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ဇွန်လ(၂၆)ရက်နေ့မှာ ကျပ်ပေါင်း(၁၀၇၂)ဘီလီယံကျော်တန်ဖိုးရှိ  မြန်မာနိုင်ငံတစ်ဝှမ်းဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမျိုးစုံကို တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ တမူး၊ ကသာ နဲ့ ရွှေဘိုမြို့တွေမှာ မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *