မိုးညှင်းမြို့နယ်မှာ (၆)လတာအတွင်း ဘိန်းဖြူကျပ်သိန်း(၅)ထောင်နီးပါး တွေ့ရှိခဲ့သလို မူးယစ်ဆေးဝါး အမျိုးအမည်အသစ်တွေပါတွေ့ရှိလာ 

ဇွန် ၂၆ ၊ မိုးညှင်း 

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်အတွင်းက နန့်စီးအောင်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ ယခုနှစ် ၂၀၂၅ နှစ်စ ဇန်နဝါရီလနေ ယခုဇွန်လ(၂၆)ရက်နေ့အထိ (၆)လတာအတွင်း ဘိန်းဖြူတန်ဖိုး ကျပ်သိန်း(  ၄၈၀၅ ဒသမ ၃၅ ) တွေ့ရှိခဲ့ပါတယ်။ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့ (CCDAC Myanmar) ရဲ့ လစဉ်ထုတ်ပြန်ချက်တွေထဲကနေ ရှမ်းနီအသံမှစာရင်းပြုစုထားတာဖြစ်ပြီး စုစုပေါင်းကီလိုအားဖြင့် ဘိန်းဖြူ(၁၉ ဒသမ ၁၆၂)ကီလိုရှိနေတာလည်းဖြစ်ပါတယ်။

ဘိန်းဖြူတွေအပြင် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား  ၃၆၀၀ ပြား (ကျပ်သိန်း ၇၂ )သိန်းဖိုး၊ ပျော်ရွှင်ဆေးရည်ဖြစ်တဲ့ Happy water ကျပ်(၁၄၈၈) သိန်းဖိုး (၁.၂၄)ကီလို၊ ဘိန်းစိမ်း ၄၉၄ .၄ သိန်းဖိုး (ကီလို ၄၁.၂)၊ ဘိန်းဆီခဲ (၆၀၉)သိန်းဖိုး (ကီလို ၄၃.၅) တို့ကိုလည်း ဖမ်းဆီးရမိခဲ့တာပါ။

 ပြီးခဲ့တဲ့( ၂၀၂၄)ခုနှစ်မှာ ဘိန်းဖြူ၊စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းစိမ်းစတဲ့ မူးယစ်ဆေးဝါးအမျိုးအမည် (၃)မျိုးကိုသာ တွေ့ရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ယခင်နှစ်တွေမှာ  တွေ့ရှိလေ့မရှိတဲ့ Happy water နဲ့ ဘိန်းဆီခဲတို့ကိုပါ အမျိုးအမည်ထပ်တိုးတွေ့ရှိလာတာလည်း ဖြစ်ပါတယ်။

စိတ်ပြောင်းဆေးဝါးတစ်မျိုးဖြစ်တဲ့ Happy Water ကို ယခင်က မြို့ကြီးတွေမှာသာ တွေ့ရှိရပေမယ့် ယခုနှစ်မှာ  မိုးညှင်းမြို့ရှိ Bar နဲ့ KTV တွေမှာ အလွယ်တကူရောင်းချရရှိလာပြီး မြို့နေလူငယ်များအကြား သုံးစွဲမှု များပြားလာတာကိုလည်း တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ မေလအစပိုင်းအထိ မန္တလေး-အင်းတော်လမ်းပိုင်းကို  KIA+PDFတပ်ဖွဲ့များက (၉)လနီးပါးအကြာ ဖြတ်သန်းခွင့်ပိတ်ပင်ခဲ့တာကြောင့် နန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေ လျော့နည်းခဲ့ပါသေးတယ်။

မူးယစ်ဆေးဝါးထဲက ဘိန်းဖြူနဲ့ စိတ်ကြွရှူးသွပ်ဆေးပြားတွေဟာ  ရှမ်းပြည်နယ်မှ မန္တလေးတိုင်း ၊ အဲ့ဒီကနေတဆင့် ကချင်ပြည်နယ်သို့ သယ်ယူတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါတင်မက စိတ်ကြွရူးသွပ်ဆေးပြားကိုလည်း လူငယ်တွေအများဆုံးသုံးစွဲတာဖြစ်ပြီး  ဆေးတစ်ပြားလျှင် ကျပ်(၂၀၀၀)ခန့်ဖြင့်ဝယ်ယူရရှိနိုင်ရုံသာမက  သုံးစွဲသူများကို စိတ်အတက်အကျမြန်ခြင်းနဲ့အစာစားချင်စိတ်လျော့နည်းခြင်းတို့ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

ယနေ့ ဇွန်(၂၆)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးဝါး ကျပ်(၁၁၆၃)ဘီလီယံကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ၂၀၂၄ ခုနှစ်မှာပဲ ပြည်တွင်းရှိ ဘိန်းခင်း လေးထောင်ကျော်ကို ဖျက်ဆီးခဲ့သလို မူးယစ်ဆေးစွဲနေသူဦးရေ (၂၇၀၀၀)နီးပါးကိုလည်း ကုသပေးမှုများပြုလုပ်ခဲ့ကြောင်း ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *