မိုးညှင်းမြို့နယ်အတွင်း  ကြိုတင်မဲအရေအတွက်မှာ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်နိုင်ထား

ဒီဇင်ဘာ ၂၈ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်အတွင်းရှိ ကြိုတင်မဲအရေအတွက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)က မဲရေ (၁၆၀၀)ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိထားတယ်လို့ မဲရုံမှူးများထံမှသိရပါတယ်။

ကြံ့ခိုင်ရေးပါတီက  (၁၆၂၃)မဲ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က (၉)မဲ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)က (၈)မဲ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)က( ၆)မဲနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က (၅)မဲ ဖြင့် ကြိုတင်မဲရရှိထားကြတယ််လို့ သိရပါတယ်။ 

မိုးညှင်းမြို့နယ်ဟာ ရွေးကောက်ပွဲ ပထမအပိုင်းထဲမှာပါဝင်တဲ့မြို့နယ်ဖြစ်ပြီး  ပါတီ (၅) ခုဝင်ရောက်ယှဉ်ပြိုင်ထားကြတာပါ။ 

မိုးညှင်းမြို့နယ်အတွင်းက မဲရုံအသီးသီးမှာ  ဒီနေ့ ဒီဇင်ဘာလ(၂၈)ရက်နေ့မနက်ကနေ စတင်နေပြီဖြစ်တဲ့ အပိုင်း(၁) ရွေးကောက်ပွဲအတွက် ဆန္ဒမဲလာထည့်တဲ့သူတွေရဲ့ အခြေအနေကို မိုးညှင်းမြို့ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

မိုးညှင်းဘက်မှာတော့ မဲထည့်နေကြပါတယ်။ ရွာသစ်ကုန်းရပ်ကွက်ဘက်လည်းတန်းစီနေကြတယ် အမှတ်(၁)ကျောင်းဘက်လည်း စောင့်နေကြတယ် ။ ဘီလူးမြို့ရွာဘက်လည်းထည့်ကြသလို ပင်းဟဲရွာဘက်ဆိုလည်း တော်တော်ထည့်ကြတယ်ကြားတယ်။  ဒါပေမယ့်ညောင်ကုန်းဘက်တော့ လူမရှိဘူးပြောတယ် လုံခြုံရေးတွေပဲတွေ့ရတယ်လို့လည်းကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

အခုရွေးကောက်ပွဲမှာ မြို့နယ်အတွင်းကျင်းပနေတဲ့ မဲရုံစုစုပေါင်း(၇၄)ရုံရှိပြီး  မကျင်းပနိုင်တဲ့ကျေးရွာဒေသများရှိ မဲရုံ(၂၄)ရုံကိုတော့ ဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ယခု (၂၀၂၅)ရွေးကောက်ပွဲမှာ မဲရုံပေါင်း (၂)သောင်းကျော်ရှိနေပြီး ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တဲ့ မြို့နယ် (၆၄)မြို့နယ် ရှိနေကြောင်းကို ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *