
ဒီဇင်ဘာ ၂၃ ၊ မြစ်ကြီးနား
ရွေးကောက်ပွဲ ပထမအပိုင်းမှာ ကျင်းပမယ့်စာရင်းထဲ ပါဝင်တဲ့ မြစ်ကြီးနားမြို့မှာ မဲရုံ (၉၁) ခုသာ ထားရှိသွားမယ်လို့ စုံစမ်းသိရရှိရပါတယ်။
မဲရုံအများစုဟာ မြို့ပေါ်က ရပ်ကွက်တွေနဲ့ မြို့အနီးက ကျေးရွာအုပ်စု (၆ )ခုမှာသာ ရွေးကောက်ပွဲအတွက် မဲရုံတွေ ထားရှိသွားမယ်လို့သိရပါတယ်။
“ မြစ်ကြီးနားမြို့နယ်အနေနဲ့ မဲဆွယ်စည်းရုံးရေး၊ သွားရေးလာရေးကတော့ မြစ်ကြီးနားမြို့တွင်းလောက်ပဲအဆင်ပြေပါတယ်။ မြို့ရဲ့ပြင်ပကိုကျွန်တော်တို့လည်းမသွားဘူး။ တခြားပါတီတွေလည်း သွားတယ်လို့ မကြားမိဘူး”လို့ မြစ်ကြီးနားမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကျားနီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့နယ်ထဲက ဆင်ဘိုမြို့ ၊တာလောကြီးတိုက်နယ် နဲ့ ဧရာဝတီမြစ်ကမ်းဘေးက KIA ထိန်းချုပ်မှုအောက်ရှိနေတဲ့ ကျေးရွာတွေမှာတော့ ကျင်းပမှာ မဟုတ်ကြောင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ အစောပိုင်းမှာ ကြေညာထားပါတယ်။
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို မြစ်ကြီးနားမြို့နယ်မှာ ကျေးရွာအုပ်စု (၁၉ )အုပ်စု နဲ့ မြို့တစ်မြို့မှာ ကျင်းပမှာမဟုတ်ကြောင်းဆိုထားပြီး ၂၀၂၀ခုနှစ် ရွေးကောက်ပွဲထက် မဲရုံငါးဆယ်နီးပါး လျော့ကျနေတာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲမဲရုံတွေအများစုကို ခန်းမနေရာတွေနဲ့ အခြေခံပညာအထက်တန်းကျောင်းတွေမှာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ လက်ရှိမှာ ကြိုတင်ပြင်ဆင်နေတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မဲ့ ရွေးကောက်ပွဲအပိုင်း(၁) ကို မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ပူတာအို နဲ့ မိုးညှင်းမြို့နယ် တို့ပါဝင်ပြီး အပိုင်း (၂) တွင် မိုးကောင်း၊ ဝိုင်းမော် နဲ့ မချမ်းဘောမြို့နယ် တို့ပါဝင်တယ်လို့ သိရပါတယ်။
မံစီမြို့နယ် အပါအဝင် နောင်မွန်း နဲ့ ရွှေကူမြို့နယ်တို့မှ ပြည်သူ့လွှတ်တော် ၊တိုင်းနဲ့ ပြည်နယ် လွှတ်တော်အတွက် နေရာ (၄) ခုတွင် ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီီ (USDP)တစ်ခုတည်းမှ ပြိုင်ဘက်မရှိ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ UEC စာရင်းများအရသိရပါတယ်။
