


နိုဝင်ဘာ ၅၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့မှာ ရှင်ဥပဂုတ္တဖောင်တော် နဲ့ ဆီမီးနှစ်သောင်း ဧရာဝတီမြစ်ထဲသို့ မျောလှူပူဇော်ရင်း ဌာနေတိုင်းရင်းသားများအကတွေနဲ့ တန်ဆောင်တိုင်ပွဲတော်ကိုကျင်းပဖြစ်တယ်လို့ မြို့ခံတစ်ဦးမှ သိရပါတယ်။
“ အကအဖွဲ့တွေနဲ့ တော်တော်တော့စည်တယ် တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းဆာ တွေရဲ့ တိုးနယားအကနဲ့ ကိန္နီကိန္နရာ အကတွေလည်းပါတယ်လေ” ဟု၎င်းကဆိုပါတယ်။
မနေ့က နိုဝင်ဘာလ ၄ ရက်နေ့ တန်ဆောင်တိုင်လပြည့်နေ့ တစ်ရက်ထဲသာ ကျင်းပသာဖြစ်ပြီး သီတာရပ်ကွက်၊ ဆုတောင်းပြည့်စေတီတော်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ဧရာဝတီမြစ်ကမ်းဘေးတွင် ညနေ ၆ နာရီမှစ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ပွဲတော်အတွင်း ဒေသခံတွေနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာများလည်းပါဝင်ဆင်နွှဲခဲ့တယ်လို့သိ ရပါတယ်။
အဆိုပါ ရှင်ဥပဂုတ္တဖောင်တော်လွှတ်ပူဇော်ပွဲတော်ကို ယခင်နှစ်တွေမှာတော့ မြစ်ကြီးနားမြို့ရဲ့ အထင်ကရဖြစ်တဲ့ မြစ်ဆုံတွင် ကျင်းပတာဖြစ်ပြီး ဧရာဝတီမြစ်ကြော တစ်လျှောက်သို့စုန်၍ မျောလွှတ်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်းမှစ ၎င်းလမ်းပိုင်းတစ်လျှောက် KIA နှင့် စစ်ကော်မရှင်တို့ကြားတိုက်ပွဲများဆက် လက်ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများသွားရောက်ရန်ခက်ခဲမှုတွေရှိပြီး အသွားအလာကန့်သတ်မှုတွေ ရှိခဲ့တယ်သိရပါတယ်။
