မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တမံတွေကို  စစ်ကိုင်းငလျင်ဒဏ်ထက်ပိုခံနိုင်အောင်လုပ်မယ်လို့ဆို 

ဒီဇင်ဘာ ၁၇ ၊ မြစ်ကြီးနား 

မြစ်ကြီးနားမြို့နဲ့ မိုင်အနည်းငယ်အကွာက  မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆည်တမံတွေကို  စစ်ကိုင်းငလျင်ပြင်းအားပမာဏထက် ပိုခံနိုင်ရည်ရှိအောင်   နိုင်ငံခြားပညာရှင် Asia Charter  Professional  Engineer (ACPE)အဖွဲ့နဲ့  တွက်ချက်တည်ဆောက်သွားမယ်လို့ စစ်ကော်မရှင် ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်က ဆိုလာပါတယ်။ 

မနေ့က ဒီဇင်ဘာ(၁၆)ရက်နေ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနဲ့ တွေ့ဆုံမှုမှာ ဒီလိုရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး ယခင်ဒီဇိုင်းမှာ ငလျင်ပြင်းအား (၇.၁)မဂ္ဂနီကျူ့အတွက်သာ ခံနိုင်ရည်အားတွက်ချက်ထားသော်လည်း ယခုစစ်ကိုင်းငလျင်ကြောင့်ပြောင်းလဲတိုးမြင့်မည်ဖြစ်ကြောင်း ဆိုပါတယ်။

ဒီတွက်ချက်မှုတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချက်တာစကေး ပြင်းအားရှိ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ထုတ်ပြောလာတာလည်းဖြစ်ပါတယ်။ 

ရပ်ဆိုင်းထားတဲ့မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်တည်ဆောက်ခြင်းမပြုဖို့ ဒေသခံများဘက်က ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် ယခုနှစ်ပိုင်းမှာ တရုတ်အစိုးရရဲ့ဖိအားပေးမှုတွေနဲ့အတူ ယခုနှစ်ပိုင်းမှာ ပြန်လည်တည်ဆောက်ခြင်းများစတင်နေပြီလည်း ဖြစ်ပါတယ်။

အခုကတော့ကန့်ကွက်မယ်ဆိုရင်လည်း ကန့်ကွက်လို့မရတဲ့အနေအထားဖြစ်နေတယ် ဒေသခံတွေကတော့သဘောမတူကြတာများတာပေါ့  အခုကလေ ဆန္ဒပြမ​ယ်ဆိုလည်းပြလို့မရ ကန့်ကွက်မယ်ဆိုလည်းကန့်ကွက်လို့မရတဲ့အနေအထားတွေကြောင့်မို့ စောင့်ကြည့်ရုံကလွှဲပြီး ကျွန်တော်တို့ဒေသခံတွေအနေနဲ့ဘာမှ ပြောစရာမရှိဘူးဆိုတဲ့ အကြောင်းပဲ ပြောချင်တာပေါ့’  ဟု မြစ်ကြီးနားမြို့ဒေသခံတစ်ဦးက စီမံကိန်းပြန်လည်စတင်နေမှုနဲ့ ပတ်သက်ပြီးရှမ်းနီအသံကို ပြောပြပါတယ်။

ယခင် (၂၀၀၉)ခုနှစ်က စတင်တည်ဆောက်ခဲ့စဉ်က တမံကို ကျောက်စီကွန်ကရစ်ကိုင်(ရေဖြည့်ဆည်)အမျိုးအစားတည်ဆောက်ဖို့ သတ်မှတ်ခဲ့ပေမယ့် ယခုကွန်ကရစ်မျက်နှာကျောက်ဖြည့်တမံ(CFRD) အမျိုးအစားကို ပြောင်းလဲတည်ဆောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင်  ယခင်သတ်မှတ်ထားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်နိုင်မှုပမာဏ (၆၀၀၀)မဂ္ဂါဝပ်ကနေ ယခု (၅၆၀၀)ဝပ်ကို လျှော့ချထားတာကိုလည်း တွေ့ရပါတယ်။ 

မြစ်ဆုံတမံတည်ဆောက်ခြင်းမှာ ရေအောက်ကြမ်းပြင်ထိန်းညှိပေးခြင်းလုပ်ငန်းများပါ ထည့်သွင်းထားတာကြောင့် မြစ်ဆုံတမံအောက်ဘက်ရှိ မြစ်ကြီးနားမြို့ကို ရေကြီးရေလျှံမှုများမှ ကာကွယ်ပေးမယ်လို့ ပြောဆိုထားပေမယ့် မြစ်ကြီးနားဒေသခံများဘက်ကတော့ စိုးရိမ်မှုတွေကို အခုလိုပြောပြလာပါတယ်။ 

ဒေသခံတစ်ယောက်အနေနဲ့ မြင်တွေ့နေရတဲ့နိုင်ငံအကြီးကြီးတွေဖြစ်တဲ့ အာဆီယံထဲကထိုင်းနိုင်ငံတို့ တရုတ်တို့ဆို ရေကြီးရေလျှံမှုတွေဖြစ်တာက တံတားကနေ ရေကာတာကနေ ကျိုးပေါက်မှုဖြစ်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ကြတာပဲလေ ဒီလိုဆိုတော့ ကျွန်တော်တို့မြစ်ကြီးနားမြို့ကလည်း အောက်ဘက် ချိုင့်ထဲမှာရှိတဲ့အတွက် ဘာပဲပြောပြောဒီဟာကြီးက ကျွန်တော်တို့မျိုးဆက်တစ်ဆက်မဟုတ်ဘူး နောက်မျိုးဆက်ပေါင်းများစွာ အန္တရာယ်ရှိတယ်’ ဟုသူကဆိုပါတယ်။

အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်လက်ထက်(၂၀၁၁ )ခုနှစ်ကနေ  ၁၂ နှစ်အကြာထိ ရပ်တန်ခဲ့တဲ့ ဒီစီမံကိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ပြန်လည်အကောင်အထည်ဖော်ဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်ကို ခေါင်းဆောင်အဖြစ်ထည့်သွင်းပြီး စစ်ကော်မရှင်ကဦးဆောင်အဖွဲ့ဖွဲ့ခဲ့ပါတယ်။ 

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (SPIC)နဲ့  မြန်မာအစိုးအရ ၊ Asia   World ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်တဲ့ စီမံကိန်းဖြစ်ပြီး တရုတ်ဘက်က (၈၀)ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း ISP Myanmar ရဲ့စာရင်းအရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *