

ဒီဇင်ဘာ ၃ ၊ မန္တလေး
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတွေဟာ ယမန်နှစ်ထက်ပိုတိုးလာနေပြီး ယခင်နှစ်ကထက် ၁၇ ရာခိုင်နှုန်းရှိလာခဲ့တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး(UNODC) ရဲ့ အစီရင်ခံစာတစ်ရပ်က ဆိုပါတယ်။
ဒီနေ့မှာထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုတွေထဲမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း/ ( မြေပုံအရ နာဂတောင်တန်းဒေသ) မှာ စိုက်ပျိုးမှုအသစ်ကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသမှာ ဘိန်းစိုက်ပျိုးမှု ၅၅၂ ဟက်တာရှိနေပြီး စိုက်ပျိုးမှုမြင့်တက်လာတယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း မှာ ဟက်တာ ၅၀ စိုက်ပျိုးခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာ ဟက်တာ ၂၅၀ အထိ စိုက်ပျိုးလာခဲ့ပါတယ်။
အခုဆို စစ်ကိုင်းတိုင်းဟာ ၁၀ နှစ်အတွင်း ၁၀ ဆ အထိမြင့်တက်လာနေတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ ဘိန်းစိုက်ပျိုးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ရှမ်းပြည်နယ်ဖြစ်ပြီး ဟက်တာလေးသောင်းခုနှစ်ထောင်ရှိတာဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းဒေသဟာ တစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းအထိ အများဆုံးစိုက်ပျိုးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးဖြစ်တဲ့ ကချင်ပြည်နယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းဒေသ တောင်တန်းတွေမှာ စိုက်ပျိုးမှု ဟက်တာ လေးထောင်ကျော်ရှိတယ်လို့ UNODC က ဆိုပါတယ်။
ချင်းပြည်နယ်ဟာ ယမန်နှစ်ကထက် ၂၆ ရာခိုင်နှုန်းတိုးမြှင့်စိုက်ပျိုးလာပြီး ကယား(ကရင်နီ)မှာလည်း စိုက်ပျိုးမှု ၂၁ ရာခိုင်နှုန်းအထိရှိလာနေတာဖြစ်ပါတယ်။
မြန်မာရဲ့ဘိန်းစိုက်ပျိုးမှုအခြေအနေကလည်း ၂၀၂၅ ခုနှစ်ဟာ ဆယ်နှစ်အတွင်း အမြင့်ဆုံး စိုက်ပျိုးတဲ့ အနေအထားဖြစ်လာတယ်လို့ UNODC ကဆိုထားပြီး ဘိန်းတန်ချိန် ၁,၀၁၀ အထိထုတ်လုပ်ခဲ့တာလို့ဆိုပါတယ်။
ဘိန်းစိုက်ပျိုးမှုတွေတိုးမြှင့်လာသလို ထုတ်လုပ်မှုတွေလည်းတိုးများလာတာကြောင့် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံထိပ်ဆုံးစာရင်းထဲပါဝင်နေတာလည်းဖြစ်ပါတယ်။
