
အောက်တိုဘာ ၁၆ ၊ နေပြည်တော်
မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ကြားဝင်စေ့စပ်မှုတွေနဲ့ အကျိုးတော်ဆောင်အဖြစ် လုပ်ဆောင်ပေးဖို့ အသင့်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဆိုပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ဆယ်နှစ်ပြည့်အခမ်းအနား ဖွင့်ပွဲ မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါ။
“ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကိုအပြည့်အဝလးစားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများနဲ့ အကျိုးတော်ဆောင်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးရတဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့အသင်ရှိကြောင်းပြောကြားလိုပါတယ်” လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ပြည်တွင်းရေးအခြေအနေဟာ ထိန်းသိမ်းရခက်ခဲတဲ့ စည်းမဲ့ကမ်းမဲ့အခြေအနေတွေကို ဖြစ်ပေါ်လာမှာကိုတော့ မလိုလားဘူးလို့ဆိုပါတယ်။
ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ တရုတ်နိုင်ငံက စစ်တပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေကြား ညှိနှိုင်းပေးခဲ့မှုတွေရှိခဲ့ပါတယ်။
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ လားရှိူးမြို့ကို စစ်ကော်မရှင်ထံပြန်လွှဲပြောင်းပေးမှုဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေထဲ အမြင်သာဆုံးသော လုပ်ရပ်တစ်ခုဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် မြန်မာစစ်တပ်ကို တရုတ်က အကူညီတွေပေးခဲ့ပြီး နယ်မြေတည်ငြိမ်ရေးတွေကိုလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ တိန့်ရှီးကျွင်းကပြောပါတယ်။
ဒါ့အပြင် မကြာခင်ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရေးလိုအပ်နေပြီး ရွေးကောက်ပွဲကျင်းပရာမှာလည်း နည်းပညာ နဲ့ ရုပ်ဝတ္ထုပစ္စည်းအကူအညီတွေပေးသွားဖို့ အသင့်ရှိနေပြီလို့သူက ဆက်ပြောပါတယ်။
NCA ၁၀ နှစ်ပြည့်အခမ်းအနားပွဲမှာ တရုတ်၊အိန္ဒိယ ၊ အိမ်နီးချင်းက သံတမန်တွေတက်ရောက်ခဲ့ပေမယ့်လည်း NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့နဲ့ နိုင်ငံတချို့က တက်ရောက်ခဲ့တာမရှိခဲ့ပါဘူး။