
ဒီဇင်ဘာလ ၁၆ ၊ နေပြည်တော်
အိန္ဒိယနှင့် KIA တို့အကြား မြေရှားသတ္ထုလျှို့ဝှက်သဘောတူညီမှု သတင်းတွေ ထွက်ပေါ်လာပြီးရက်ပိုင်းအကြာမှာပဲ အိန္ဒိယနိုင်ငံဘက်မှ ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံ စစ်ကော်မရှင်ထံသို့ ဒီဇင်ဘာလ (၁၅) ရက် မှာလာရောက်တွေ့ ဆုံခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် H.E. Mr. Abhay Thakur အပါ အိန္ဒိယစစ်သံမှူးတွေနဲ့ စစ်ကော်မရှင်ဘက်က ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြည်စွာလင်းတို့ တွေ့ဆုံခဲ့ကြတာပါ။
တွေ့ဆုံမှုတွေထဲမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ဘက်ဆိုင်ရာ အပြန်အလှန်သင်တန်းဖွင့်လှစ်ရေး နဲ့ ရွေးကောက်ပွဲအလွန်ကာလအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်အခြေစိုက် Silicon Valley Time သတင်းမီဒီယာမှ အိန္ဒိယနဲ့ KIAတို့ လျှို့ဝှက်သဘောတူညီမှုများ ထွက်ပေါ်လာမှုအပြီးမှာ အိန္ဒိယကိုယ်စားလှယ်လာရောက်တွေ့တာ ဖြစ်ပါတယ်။
သတင်းအရ မြေရှားသတ္ထုတွေကို အဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေမှာ ချီဖွေမှ အရူနာချယ်ပရာဒေ့ရှ် ပြည်နယ်အထိ လမ်းပိုင်းတစ်ခုနဲ့ စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ် ရိခေါ်ဒါအထိ လမ်းပိုင်းတစ်ခု ဖောက်လုပ်ရေးသဘောတူညီကြတာလို့ဆိုပါတယ်။
ဒီလိုသတင်းထွက်ပေါ်နေမှုကို မြန်မာနိုင်ငံ အိန္ဒိယနိုင်ငံသံတမန်အသိုင်းအဝိုင်းက ငြင်းဆိုထားသလို KIA ဘက်ကလည်း ငြင်းဆိုထားတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေဆိုထားပါတယ်။
သို့ပေမယ့် ဒီလျှို့ဝှက်သဘောတူညီမှုသတင်းကိုတော့ အိန္ဒိယနိုင်ငံဘက်က သတင်းစာဆရာတွေက ဖြစ်နိုင်ချေရှိကြောင်း မှတ်ချက်ပြုထားကြပါတယ်။
ကမ္ဘာ့မြေရှားစျေးကွက်ကိုစိုးမိုးထားတဲ့ တရုတ်နိုင်ငံနည်းတူ အိန္ဒိယနဲ့ အမေရိကန်တို့ကလည်း မြန်မာနိုင်ငံရှိ မြေရှားသတ္ထုများကို စိတ်ဝင်စားလာနေကြောင်း သုံးသပ်သူများက ပြောဆိုထားပါသေးတယ်။
