
ဇွန် ၄ ၊ ဖားကန့်
ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်က ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး အလုပ်သမား ၂၀ ဦးဝင်းကျင်ထိခိုက်ခဲ့တယ်လို့ ကုမ္ပဏီလုပ်သားတစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့ ထမင်းစားပြီးလို့ ကျင်းထဲကို ကျောက်ရှာဖို့ ဆင်းကြလို့ ရောက်နေကုန်ပြီ ရောက်နေတဲ့အချိန်မှာ ဟိုဘက်ကနေ မီးလုံးကြီးလို ဘာကြီးလို ရဲရဲကြီး ကျခဲ့တော့တာ ယမ်းဂိုဒေါင်လောင်ပြီး အဲ့ဒါ တစ်ခါထဲ ကွဲခဲ့တော့တာ” လို့ ကုမ္ပဏီထဲက အလုပ်သမားတစ်ဦးကပြောပါတယ်။
ယမ်းဂိုဒေါင်ပေါက်ကွဲမှုဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်လို့ သတင်းတွေထွက်ပေါ်ပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီး အလုပ်သမားတွေနဲ့ စားဖိုးမ တစ်ဦး ပါဝင်ကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ကိုလည်း လက်ရှိ ဖားကန့်ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
“ ပျက်စီးမှုကတော့ မြင်တဲ့အတိုင်းပါ့ လက်ရှိ ကျန်တဲ့ ဝပ်ရှော့အလုပ်သမားတွေ အများဆုံးထိခိုက်ကြတာပါ့ သေတာကတော့ (၁၀)ယောက်လောက် ရှိမယ် ။ ထိခိုက်ဒဏ်ရာရတာကတော့ အယောက် (၂၀)ကျော် ယောက်လောက်တော့ ရှိမယ် ။ သေတဲ့ ထဲမှာ စားဖိုမတွေကော ပါတယ်။” လို့ သူကပြောပါတယ်။
ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တချို့ ထဲကို စစ်ကောင်စီဝင်ရောက်မှုတွေရှိခဲ့ပြီး မနေ့က မနက်ပိုင်းမှာ မြေသယ်ယာဉ်အပါအဝင် စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့ကို စစ်ကောင်စီ စစ်ကြောင်းဟာ မေလကုန်မှာ ဝင်ရောက်လာနိုင်ခဲ့ပြီး တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီးနောက် တိုက်ပွဲတွေဟာ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းကလည်း ဖားကန့်မြို့ရှိဗျူဟာကုန်းနှင့် မှော်စီဇာကျေးရွာရှိ စစ်ကောင်စီရဲ့ တပ်စခန်းကုန်းတွေမှာ ဝင်ရောက်ပူးပေါင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။
